ပို့ကုန်လိုင်စင်ဦးစွာလျှောက်ထားပြီးမှ စိစစ်ခွင့်ပြုတဲ့စနစ် (Non- Automatic Licensing)နဲ့ ခွင့်ပြုနေတဲ့ ကုန်စည်လိုင်းတွေထဲက ကုန်စည် ၉၇ လိုင်းကို ဇွန်လ ၁၅ ရက်ကစပြီး အလိုအလျှောက်လိုင်စင်စနစ် (Automatic Licensing) နဲ့ ပြင်ဆင်ဆောင်ရွက်ခွင့်ပြုမယ်လို့ ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ငလျင်ဘေးအလွန် ပို့ကုန်လုပ်ငန်းတွေအဆင်ပြေချောမွေ့အောင် ဆောင်ရွက်နိုင်ဖို့အတွက် လက်ရှိ Non- Automatic Licensing စနစ်နဲ့ ခွင့်ပြုနေတဲ့ ကုန်စည် ၉၇ လိုင်းကို Automatic Licensing စနစ် နဲ့ ဇွန်လ ၁၅ ရက်ကနေ ဩဂုတ်လ ၃၁ ရက်နေ့အထိ ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။အလိုအလျောက်လိုင်စင်စနစ်နဲ့ ခွင့်ပြုမယ့် ကုန်ပစ္စည်းအမျိုးအစားတွေထဲမှာ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ပဲမျိုးစုံ၊ ဆန်၊ ပြောင်း၊ နှံစားပြောင်း၊ ပန်းဂျုံ နဲ့ ဆီထွက်သီးနှံ စတဲ့ စိုက်ပျိုးရေးထွက်ကုန်ပို့ကုန်အမယ်တွေ ပါဝင်ပါတယ်။Non- Automatic Licensing စနစ်ကနေ Automatic Licensing စနစ်နဲ့ ပြောင်းလဲခွင့်ပြုမယ့်အထဲမှာ ကြက်သွန် ဖြူ၊ ကြက်သွန်နီနဲ့ ပဲမျိုးစုံ ကုန်စည် ၅၈ လိုင်း၊ ဆန်၊ ပြောင်း၊ နှံစားပြောင်း၊ ပန်းဂျုံ ကုန်စည် ၂၅ လိုင်းနဲ့ ဆီထွက်သီးနှံ ကုန်စည် ၁၄ လိုင်း ခွင့်ပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပို့ကုန်လိုင်စင်တွေကို Myanmar Tradenet 2.0 မှာ Automatic Licensing စနစ် ၊ Non- Automatic Licensing စနစ်တို့နဲ့ ခွင့်ပြုပေးနေတာဖြစ်ပြီး ကုန်စည် ၁၅၅၆ လိုင်းကို Non- Automatic Licensing စနစ်နဲ့ ခွင့်ပြုထား တာပါ။ကုန်သွယ်ရေးလုပ်ငန်းတွေ စနစ်တကျဆောင်ရွက်နိုင်စေဖို့အတွက် ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ် ရေးစခန်းတွေကနေတင်ပို့တဲ့ ကုန်စည်အားလုံးကို ပို့ကုန်လိုင်စင်လျှောက်ထားပြီးမှသာ တင်ပို့ခွင့်ပြုနေတာ ဖြစ်တယ်လို့ သိရပါတယ်။Non-Automatic Licensing စနစ်က လိုင်စင်ဦးစွာ လျှောက်ထားပြီးမှ စိစစ်ခွင့်ပြုတဲ့စနစ်ဖြစ်ပြီး Automatic Licensing စနစ်ဟာဆိုရင် ပို့ကုန် ၊ သွင်းကုန်လိုင်စင်တွေကို ကုန်သွယ်ရေးဦးစီးဌာနက စိစစ်ဖို့မလိုဘဲ အလိုအလျောက် လိုင်စင်ထုတ်ပေးတဲ့စနစ် ဖြစ်ပါတယ်။