ပြည်တွင်း သကြားစက်တွေမှာ ပုံမှန်ထုတ်လုပ်မှုရှိပေမယ့် သကြားထုတ်လုပ်မှုက အနည်းငယ်ကျဆင်း နေတယ်လို့ သကြားစက်လုပ်ငန်းအသိုင်းအဝိုင်းကနေ သိရပါတယ်။ပြည်တွင်းမှာ သကြားစက်အကြီး ၂၉ ရုံ ရှိပြီး လက်ရှိမှာ ၂၆ ရုံ လည်ပတ်နေတယ်လို့ သိရပါတယ်။

ဒီလိုလည်ပတ်မှုရှိပေမယ့် သယ်ယူပို့ဆောင်ရေးအခက်အခဲကြောင့် တချို့က သကြားစက်တွေကို မပို့ဘဲ ကြံသကာချက်လိုက်ကြတာရယ်၊ ကြံသကာက သကြားထက်ဈေးကောင်းပိုရလို့ ကြံသကာကို ပိုမို ထုတ်လုပ်လာကြတို့ ကြောင့် သကြားထုတ်လုပ်မှု အနည်းငယ်ကျဆင်းတာဖြစ်တယ်လို့ မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းရဲ့ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောပါတယ်။အခုနှစ်ကြံရာသီမှာ ပြည်တွင်းသကြားထုတ်လုပ်မှုက တန်ချိန် ၅ သိန်းလောက်ရှိမယ်လို့ မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းက ခန့်မှန်းထားပါတယ်။

ပြည်တွင်း စားသုံးမှုက တန်ချိန် ၃ သိန်းကျော်ရှိပြီး ပိုလျှံသကြားတွေကို နိုင်ငံခြားတင်ပို့လေ့ရှိပေမယ့် လက်ရှိမှာ ပြည်တွင်းသကြားဈေးထက် နိုင်ငံတကာသကြားဈေးက ကျဆင်းနေတဲ့အတွက် တင်ပို့မှုတွေ လျော့နည်းနေပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာလည်း သကြားဝယ်လိုအားတွေကျဆင်းနေတဲ့အတွက် ဈေးအနည်းငယ် ကျဆင်း နေပါတယ်။ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့စာရင်းတွေအရ သကြားလက်ကား တစ်ပိဿာကို ကျပ် ၄၉၅၀ ကနေ ကျပ် ၅၁၀၀ အထိ ပေါက်ဈေးရှိနေပါတယ်။