အခုနှစ် နွေစပါးပေါ်ခါစချိန်မှာ ရန်ကုန်နဲ့ ဧရာဝတီတိုင်းဒေသကြီးတွေက စိုက်ပျိုးထုတ်လုပ်တဲ့ ဧည့်မထ အုပ်စုဝင် ဆန်ကြမ်းစပါးတချို့ဟာ မနှစ်ကထက် ဈေးကျဆင်းနေပြီး ဈေးကောင်းမရရင် တောင်သူတွေ အရှုံးပေါ်နိုင်တယ် လို့ ဒေသခံတောင်သူတချို့က ပြောပါတယ်။ မနှစ်က တင်းတစ်ရာကို ကျပ်သိန်း ၂၀ ကျော်ဝန်းကျင်အထိ ဈေးရရှိ ခဲ့ပေမယ့် အခုနှစ် စပါးပေါ်ချိန်မှာ နေရာဒေသနဲ့စပါး အရည်အသွေးအလိုက် ကျပ် ၁၄ သိန်းကနေ ကျပ် ၁၇ သိန်း လောက်သာ ရရှိနေတယ်လို့ သိရပါတယ်။

လက်ရှိဈေးကွက်ဖွင့်တဲ့ပေါက်ဈေးက လယ်တစ်ဧကကို တင်းတစ်ရာအပြည့်ထွက်တဲ့ တောင်သူတွေ အနေနဲ့ အဆင်ပြေနိုင်ပေမယ့် လယ်တစ်ဧကကို စပါးတင်း ၄၀ လောက်သာထွက်တဲ့ တောင်သူတွေအနေနဲ့ အရှုံးပေါ်နိုင် တာကြောင့် ဒီနှစ်မှာ ဆန်ကြမ်းစပါးတင်းတစ်ရာကို ကျပ်သိန်း ၂၀ ဝန်းကျင်ရမှသာ အဆင်ပြေနိုင်မယ်လို့ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်က စပါးစိုက်တောင်သူဦးသန်းစိုးက ပြောပါတယ်။ပေါ်ဆန်အုပ်စုဝင် စပါးအမျိုးအစားတချို့ရဲ့ ဈေးနှုန်းတွေကလည်း အရည်အသွေးအလိုက် တင်းတစ်ရာကို အနိမ့်ဆုံး ကျပ် ၁၅ သိန်းကနေ ကျပ် ၂၅ သိန်းဝန်းကျင်ပေါက်ဈေးရှိတယ်လို့ ပေါ်ဆန်းစပါးစိုက် တောင်သူတချို့က ပြောပါတယ်။အခုနှစ် နွေစပါးပေါ်ချိန် စပါးပေါက်ဈေးက မနှစ်ကနဲ့နှိုင်းယှဉ်ရင် ကျဆင်းနေပြီး အရောင်းအဝယ်ကလည်း မတည်ငြိမ်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့နယ်က စပါးစိုက်တောင်သူဦးအောင်မျိုးကျော်က ပြောပါတယ်။

လက်ရှိထွက်ရှိနေတဲ့ နွေစပါးတွေဟာ စောစိုက်ထားတဲ့လယ်တွေကဖြစ်ပြီး မတ်လတတိယ ပတ်လောက်မှသာ စပါးလှိုင်လှိုင် ထွက်ပလာမှာ ဖြစ်ပါတယ်။ စပါးတွေ လှိုင်လှိုင်ထွက်လာရင် ကုန်သည်တွေ၊ စက်ပိုင်တွေက လက်ရှိပေါက်ဈေးထက် ထပ်လျော့ဝယ်ကြမှာကို တောင်သူအများစုက စိုးရိမ်နေကြပါတယ်။ပြီးခဲ့တဲ့ မိုးစပါးရာသီတုန်းကလည်း ရာသီဥတုဒဏ်ကြောင့် ပျက်စီးခဲ့လို့ တောင်သူတွေ အရှုူံးပေါ်ခဲ့ပြီး လာမယ့် နွေစပါးရာသီမှာတော့ ဈေးကောင်းရဖို့ မျှော်လင့်နေကြတာပါ။ သဘာဝရေနဲ့ စိုက်ပျိုးတဲ့ စပါးတစ်ဧကရဲ့ စိုက်ပျိုး ထုတ်လုပ်မှုစရိတ်က ကျပ် ၁၄ သိန်း ဝန်းကျင်လောက်ရှိပြီး ရေသွင်းစိုက်တဲ့စပါးတစ်ဧကရဲ့ ထုတ်လုပ်မှုစရိတ်က ၁၇ သိန်း ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။