အခုနှစ်အစောပိုင်းမှာ ရန်ကုန်၊ဧရာဝတီတိုင်းဒေသကြီးအပါအဝင် ဒေသတချို့မှာ ဧည့်မထနဲ့ငစိန် အုပ်စုဝင် စပါး ဈေးတွေဟာ ၂၀၂၄ နှစ်ကုန်ပိုင်းကထက် တင်းတစ်ရာကို ကျပ် ၃ သိန်းလောက် ကျဆင်းလာ တယ်လို့ ဒေသခံ တောင်သူတွေဆီက သိရပါတယ်။ ၂၀၂၄ နှစ်ကုန်ပိုင်းက ဧည့်မထနဲ့ ငစိန် အုပ်စုဝင် စပါးတွေဟာ တင်းတစ်ရာကို ကျပ် ၁၈ သိန်းကျော် ဈေးရှိခဲ့ပေမဲ့ အခုဆိုရင် တင်းတစ်ရာကို ကျပ် ၁၅ သိန်းလောက်သာ ရှိတော့တာပါ။

ပြည်တွင်းမှာစားသုံးတဲ့ ရွှေဘိုပေါ်ဆန်း စပါးတင်းတစ်ရာရဲ့ ဈေးနှုန်းကတော့ ကျပ်သိန်း ၃၀ ဝန်းကျင် ပေါက်ဈေးနဲ့ အတက်အကျမရှိ တည်ငြိမ်နေတယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ မိုးစပါးရာသီက ရာသီဥတုဒဏ်ကြောင့် ပျက်စီးခဲ့လို့ တောင်သူတွေ အရှုူံးပေါ်ခဲ့ပြီး လာမယ့် နွေစပါးရာသီ မှာတော့ စပါးဈေးကောင်းရဖို့ မျှော်လင့်နေကြတယ်လို့ ဧရာဝတီတိုင်းဒေသကြီးအတွင်းက တောင်သူ တစ်ယောက်က ပြောပါတယ်။ ပြည်ပတင်ပို့သလို ပြည်တွင်းစားသုံးမှုရှိတဲ့ ဇီယာ၊ ငွေတိုး၊ မင်းဧရာ၊ နှံကောက် ရွှေမန်း စတဲ့ ဆန်သစ်တွေရဲ့ ဈေးနှုန်းတွေကလည်း ဇန်နဝါရီလကထက် ၁၀၈ ပေါင် တစ်အိတ်ကို ကျပ် ၃၀၀၀ ဝန်းကျင် ကျဆင်းလာပါတယ်။

ဆန်ဟောင်းဈေးတွေကတော့ အတက်အကျမရှိ တည်ငြိမ်နေတယ်လို့ ဆန်ဈေးကွက်က သိရပါတယ်။အလားတူ နိုင်ငံတကာက စပါးစိုက်နိုင်ငံတွေမှာလည်း စပါးပေါ်ချိန်ဖြစ်လို့ ဆန်ဈေးတွေကျနေသလို အိန္ဒိယနိုင်ငံ က သက်သာတဲ့ဈေးနှုန်းနဲ့ ဆန်တွေထုတ်ရောင်းလာတာကြောင့် ကမ္ဘာ့ဆန်ဈေးလည်း ကျဆင်းနေပါတယ်။၂၀၂၄ ခုနှစ် မိုးစပါးနဲ့ ၂၀၂၅ ခုနှစ် နွေစပါးတွေအတွက် အစိုဓာတ် (၁၄)ရာခိုင်နှုန်း၊ အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ တစ်တင်း(၄၆)ပေါင်ကိုက် စပါး တင်း(၁၀၀)ရဲ့ အခြေခံရည်ညွှန်း စပါးဈေးနှုန်းကို ကျပ် ၉ သိန်းခွဲ သတ်မှတ်ထားပါတယ်။