OPEC+ အနေနဲ့ ဇွန်လအတွက် ရေနံထုတ်လုပ်မှုကို တစ်နေ့ ရေနံစည်ပေါင်း ၄၁၁၀၀၀ နှုန်းအထိ တိုးမြှင့်ထုတ်လုပ်သွားဖို့ မေလ ၃ ရက်က အွန်လိုင်းအစည်းအဝေးအပြီးမှာ သဘောတူခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။ရေနံဈေးနှုန်းကျဆင်းပြီး ဝယ်လိုအားနည်းလာနိုင်ချိန်မှာ အခုလို သဘောတူခဲ့တာဖြစ်ပြီး ဒီသဘောတူညီချက်ဟာ ဒုတိယအကြိမ်ဖြစ်သလို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်း OPEC+ ကို ရေနံတိုးမြှင့်ထုတ်လုပ်ဖို့ တောင်းဆိုတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

OPEC+ က မေလအတွက် ရေနံထုတ်လုပ်မှု တိုးမြှင့်မယ်လို့ ပထမအကြိမ်ကြေညာခဲ့ပြီးတဲ့နောက် ဧပြီလမှာ ရေနံဈေးနှုန်းဟာ ၄ နှစ်အတွင်း အနိမ့်ဆုံးပမာဏအဖြစ် တစ်စည်ကို ဒေါ်လာ ၆၀ အောက် ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။ဇွန်လမှာ ရေနံတိုးမြှင့်ထုတ်လုပ်ခဲ့ရင် ဧပြီ၊ မေ၊ ဇွန် သုံးလပေါင်း ပျှမ်းမျှတစ်နေ့ ရေနံထုတ်လုပ်မှု စည်ပေါင်း တစ်သန်းနီးပါး ရှိလာမှာဖြစ်ပါတယ်။

OPEC+ အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ကာဇက်စတန်နဲ့ အီရတ်တို့ဟာ သဘောတူညီချက် မလိုက်နာတာတွေ ရှိနေတဲ့ အတွက် အဖွဲ့ဝင်ဦးဆောင်နိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေးဗျအနေနဲ့ စိုးရိမ်ပူပန်နေရတဲ့ အခြေအနေတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ မေလ ၂၈ ရက်မှာ OPEC+ အဖွဲ့ရဲ့ဝန်ကြီးအဆင့် အစည်းအဝေးတစ်ခု ပြုလုပ်ဖို့ ရှိသလို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း မေလမှာ ဆော်ဒီအာရေးဗျကို သွားရောက်ဖို့ရှိတယ်လို့ သိရပါတယ်။