ရန်ကုန်တိုင်းဒေသကြီးအတွင်း စားအုန်းဆီတွေကို အိမ်အရောက် ဖြန့်ဖြူးရောင်းချပေးနေတယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ စားအုန်းဆီတွေကို အိမ်အရောက် ရောင်းချပေးတာကတော့ အိမ်ထောင်စုတစ်စုကို တစ်လအတွက်တစ်ကြိမ်ကို နှစ်ပိဿာနှုန်းနဲ့ ဇူလိုင် ၃၁ ရက်က စတင်ပြီးရောင်းပေးနေတာ ဖြစ်တယ်လို့ဆိုပါတယ်။
လက်ရှိရောင်းချပေးနေတဲ့ ဈေးနှုန်းအနေနဲ့ အပတ်စဉ် တနင်္လာနေ့တိုင်း သတင်းစာတွေမှာထုတ်ပြန်တဲ့ လက်ကားရည်ညွှန်းဈေးကိုအခြေခံပြီး အကျိုးအမြတ် ထည့်သွင်းထားခြင်းမရှိဘဲ ဘူးခွံဖိုးနဲ့ ဘူးသွတ်ခကို ထည့်သွင်း တွက်ချက်ထားတဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးနေတာဖြစ်တယ်လို့ သိရပါတယ်၊၊ အဲဒီလိုဝယ်ယူရာမှာတော့ Delivery ခကို မှာကြားတဲ့ဝယ်သူဘက်က ပေးချေရမှာဖြစ်ပြီး ပစ္စည်းရောက် ငွေချေစနစ်နဲ့သာ ရောင်းချသွားမှာဖြစ်သလို မှာကြားရက်နဲ့ ပစ္စည်းရောက်မယ့်ရက်က သုံးရက်ခန့်ကွာခြားနိုင်တယ်လို့ဆိုပါတယ်၊၊
လတ်တလော စားအုန်းဆီတွေမှာယူရာမှာတော့ မှာယူတဲ့သူများပြားတဲ့အတွက် Call Center ဖုန်းနံပါတ်ကို ဖုန်းခေါ်ဆိုရတာ အနည်းငယ်ကြန့်ကြာတယ်လို့လည်း စားအုန်းဆီမှာယူသုံးစွဲသူ ပြည်သူအချို့ရဲ့ ပြောကြား ချက်အရ သိရပါတယ်၊၊