စက်ပစ္စည်းကိရိယာတွေ ထုတ်လုပ်ရာမှာ ပစ္စည်းတစ်ခုချင်းစီရဲ့ အရည်အသွေးတွေကို သတ်မှတ်ရမှာ ဖြစ်ပြီး သတ်မှတ်ချက်တွေ နဲ့ ပြည့်စုံတဲ့ ထုတ်လုပ်မှု ကျင့်စဉ်တွေကို လိုက်နာဆောင်ရွက်ရမယ်လို့ စက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက ပြောပါတယ်။

နေပြည်တော်ရှိ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ နှင့် ပြိုင်ပွဲ ကျင်းပတဲ့ တပေါင်းကွင်း ယာယီ ကွပ်ကဲ ရေးရုံးမှာ ဖေဖော်ဝါရီ (၁၆) ရက်က ကျင်းပတဲ့ လယ်ယာသုံး စက်ကိရိယာပစ္စည်းတွေ အဆင့်မြှင့်တင် ထုတ်လုပ် နိုင်ရေး ညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တာပါ။လယ်ယာသုံးစက်ပစ္စည်း ကိရိယာတွေကို အဆင့်မြှင့်တင် ထုတ်လုပ်နိုင်ရေးအတွက် ထုတ်လုပ်သူတွေ အချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမယ့်အပြင် ဝန်ကြီးဌာနတွေကလည်း လိုအပ်ချက်တွေကို ဖြည့်ဆည်း ဆောင်ရွက် ပေးရမှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက ပြောပါတယ်။

ဆက်လက်ပြီး စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ထုတ်လုပ်မယ့် စက်ပစ္စည်းတစ်ခုချင်းစီရဲ့ ပုံစံဒီဇိုင်း၊ ထုတ်လုပ်မှု နည်းစဉ်၊ အသုံးပြုမယ့် ကုန်ကြမ်း စတာတွေကို စနစ်တကျ ဆောင်ရွက်သွားရမှာ ဖြစ်ပြီး ထုတ်ကုန်ပစ္စည်းတွေ အရည်အသွေးကောင်းမွန်စေရေးအတွက် အရည်အသွေး အာမခံစနစ်တွေ ထူထောင်ထားရှိရမှာ ဖြစ်တယ်လို့လည်း ဆွေးနွေးပြောကြားခဲ့ပါတယ်။