အင်အားအလွန်ပြင်းထန်တဲ့ မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးနောက် ဘိလပ်မြေတစ်အိတ်ကို အမျိုးအစားအလိုက် ကျပ် ၄ သောင်း ကျော်အထိ ရှိလာပြီး ပစ္စည်းတွေလည်း ပြတ်လပ်နေတယ်လို့ အိမ်ဆောက်ပစ္စည်းဈေးကွက်က သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ မတိုင်ခင်က ဘိလပ်မြေ အမျိုးအစားအလိုက် တစ်အိတ်ကို ကျပ် ၂ သောင်းကျော်သာ ရှိခဲ့ရာကနေ မတ်လ ၂၈ ရက် နောက်ပိုင်းမှာ တဖြည်းဖြည်း မြင့်တက်လာပြီး အခုဆိုရင် အမျိုးအစားအလိုက် ဘိလပ်မြေတစ်အိတ်ကို အနည်းဆုံး ကျပ် ၃၇၀၀၀ ကနေ ၄ သောင်းကျော်အထိ ရောက်ရှိလာတာပါ။ဒီလိုဈေးနှုန်းတွေ မြင့်တက်နေပေမယ့် အိမ်ဆောက်ပစ္စည်းဈေးကွက်ထဲမှာ တချို့သော ဘိလပ်မြေ အမှတ်တံဆိပ် တွေက ပစ္စည်းပြတ်နေတယ်လို့ ရန်ကုန်မှာရှိတဲ့ အိမ်ဆောက်ပစ္စည်းဆိုင်တချို့က ပြောပါတယ်။မန္တလေးငလျင်ကြီးကြောင့် ပျက်စီးလို့ ပြည်တွင်းက ဆင်မင်း(၃)ဘိလပ်မြေစက်ရုံ၊ အယ်ဖာ ဘိလပ်မြေစက်ရုံနဲ့ ကြံနှစ်ကောင် ဘိလပ်မြေစက်ရုံတွေ ရပ်နားထားရတယ်လို့ သိရပါတယ်။

ပြည်တွင်းလိုအပ်ချက်ကို ပြည့်မီစေဖို့ နဲ့ ပြည်တွင်းထုတ်လုပ်မှုကို အင်အားဖြည့်တင်း ပေးနိုင်ဖို့အတွက် ပြည်ပက နေ ဘိလပ်မြေတွေ တင်သွင်းခွင့်ပြုနေပါတယ်။ လက်ရှိမှာ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းကနေ ဘိလပ် မြေတင် ရေယာဉ်တွေ ဆက်တိုက်ရောက်ရှိနေတယ်လို့ သိရပါတယ်။ ဧပြီ ၇ ရက်နေ့ ညနေပိုင်းကလည်း ရန်ကုန် မြို့ ရွှေပြည်သာ ရွှေမဲဆိပ်ကမ်းကို ဘိလပ်မြေတန်ချိန် ၁၅၀၀ တင်ဆောင်လာတဲ့ ရေယာဉ် ရောက်ရှိခဲ့ပြီး ဧပြီ ၈ ရက်မှာ စတင်ဖြန့်ဖြူးပေးနေပြီလို့ သိရပါတယ်။မြန်မာနိုင်ငံမှာ နှစ်စဉ် ဘိလပ်မြေလိုအပ်ချက်ဟာ တန်ချိန်(၁၀)သန်း ကျော်ရှိပြီး ပြည်တွင်းထုတ်လုပ်မှုက တန် ချိန်(၈) သန်းအောက်မှာသာ ရှိပါတယ်။