ကုန်သွယ်မှုဟန်ချက်ညီစေဖို့ ဗီယက်နမ်အနေနဲ့ သဘာဝဓာတ်ငွေ့ရည် လေယာဉ်တွေနဲ့ ဆေးတွေအပါအဝင် အမေရိကန်ထုတ်ကုန်တွေကို ပိုမိုဝယ်ဖို့ လိုတယ်လို့ ဗီယက်နမ်ဝန်ကြီးချုပ်က တိုက်တွန်း ပြောကြားခဲ့ကြောင်း VN Express သတင်းမှာ ဖော်ပြထားပါတယ်။ ထရမ့်အစိုးရက သူကြေညာထားတဲ့ မြင့်မားတဲ့ အပြန်အလှန် အခွန်နှုန်း ထားတွေကို ဗီယက်နမ်အပါအဝင် ကုန်သွယ်ဖက်နိုင်ငံတွေအတွက် ရက် ၉၀ ဆိုင်းငံ့ပေးထားတာဖြစ်ပြီး လက်ရှိ ယာယီနှုန်းထားက ၁၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။

နှစ်ဦးနှစ်ဖက်ပါဝင်တဲ့ ကုန်သွယ်ရေးညှိနှိုင်းချက်တွေလုပ်ဖို့ ဗီယက်နမ်က အဖွဲ့တစ်ဖွဲ့ဟာ အမေရိကန်ကို သွားဖို့ ရှိနေပြီး နှစ်နိုင်ငံလုံးရဲ့ သွင်းကုန်အခွန်တွေ မျှမျှတတနဲ့သက်သက်သာသာရှိအောင် ဝန်ကြီးချုပ်က ညှိနှိုင်းဆွေးနွေး အဖြေရှာဖို့ လုပ်ထားတာဖြစ်ပါတယ်။ အမေရိကန်ဘက်က ဒါကို ဈေးကွက်စီးပွားရေးတစ်ခုအဖြစ် အသိအမှတ် ပြုပြီး နည်းပညာမြင့်ပစ္စည်းတွေ တင်ပို့မှု ကန့်သတ်ထားတာတွေကို ရုပ်သိမ်းပေးသွားအောင် တောင်းဆိုဖို့လည်း ဗီယက်နမ်က စီစဉ်ထားပါတယ်။