အထည်ချုပ်လုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့ လျှပ်စစ်မီးအပြည့်အဝမရရှိတာ၊ ကျွမ်းကျင်လုပ်သား နည်းပါးလာတာ အစရှိတဲ့ အခက်အခဲတွေနဲ့ကြုံတွေ့နေရတယ်လို့ အထည်ချုပ်လုပ်ငန်းလုပ်ကိုင်သူအချို့က ပြောပါတယ်။လက်ရှိမှာ တစ်ရက်ကို လျှပ်စစ်မီး(၄)နာရီ ရရှိရတာဖြစ်ပေမယ့် တချို့ရက်တွေမှာ လျှပ်စစ်မီးရရှိတဲ့ အချိန်မမှန် တာတွေကြောင့် အခက်အခဲတွေ ကြုံတွေ့နေကြရတာပါ။

မီးမလာတဲ့အချိန်မှာ မီးစက်ကို အားပြုအသုံးပြုခဲ့ကြရာ မှာလည်း အစပိုင်းမှာ ဒီဇယ်မရရှိတဲ့ပြဿနာတွေ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက လုပ်ဆောင်ပေးတာကြောင့် ဒီဇယ်ဝယ်ယူရတဲ့ အခက်အခဲကတော့ ပြေလည်သွားတယ်လို့ မြန်မာနိုင်ငံချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်းရှင်များအသင်းရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်ယဉ်ယဉ်နွယ်က ပြောပါတယ်။လက်ရှိမှာ လျှပ်စစ်မီးအခက်အခဲတွေရှိနေသလို တစ်ဖက်မှာလည်း ပြည်ပနိုင်ငံတွေကို သွားရောက်လုပ်ကိုင်မှုတွေ များလာတဲ့အတွက် ပြည်တွင်းအထည်ချုပ်လုပ်ငန်းမှာ ကျွမ်းကျင်လုပ်သားတွေ နည်းပါးလာတာကြောင့် လုပ်သား အသစ်တွေကို ခေါ်ယူသင်တန်းပေးပြီး လုပ်ဆောင်နေရတာတွေလည်း ရှိနေတယ်လို့ ဒေါ်ယဉ်ယဉ်နွယ်က ပြောပါတယ်။

ပြည်တွင်းအထည်ချုပ်စက်ရုံတွေမှာ ကျွမ်းကျင်လုပ်သားရှားပါးတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတာကြောင့် လုပ်သား အနည်းငယ်သာ အသုံးပြုရပြီး ထုတ်ကုန်များများ ထုတ်ပေးနိုင်တဲ့ နောက်ဆုံးပေါ် Fully Automatic စက်ပစ္စည်း တွေကို ပိုပြီးအသုံးပြုလာကြတယ်လို့လည်း အထည်ချုပ်လုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်တွေကိုတော့ ဇန်နဝါရီ ၅ ရက်ကစပြီး အလှည့်ကျ မီးပေးတဲ့စနစ်နဲ့ ဆောင်ရွက်နေတာပါ။ နာရီအလိုက် မီးပေးမယ့် အုပ်စုတွေကို အုပ်စု (A) (B) နဲ့ (C) ဆိုပြီး ၃ အုပ်စုခွဲကာ ၄ နာရီ လျှပ်စစ်မီးပေးပြီး ၈ နာရီ မီးဖြတ်တဲ့စနစ်ကို အလှည့်ကျ ကျင့်သုံးနေတယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း(YESC)က ထုတ်ပြန်ထားပါတယ်။