ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ စိန်နန်းတော်ရွှေဆိုင် အပါအဝင် ရွှေဆိုင် ၃၄ ဆိုင်ကို ဓာတ်သတ္တု(ရွှေ) ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ထုတ်ယူခွင့် ပြုလိုက်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန် ပါတယ်။လုပ်ငန်းလိုင်စင်ထုတ်ယူခွင့်ရရှိတဲ့ ရွှေဆိုင်တွေအနေနဲ့ နေပြည်တော်မှာရှိတဲ့ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ ဓာတ်သတ္တု (ရွှေ) ဝန်ဆောင်မှုလုပ်ငန်း ရုံးအဖွဲ့မှာ လူကိုယ်တိုင်သွားရောက် ထုတ်ယူရမှာဖြစ်ပြီး ထုတ်ယူတဲ့အခါ မှာ လိုင်စင်ဓာတ်ပုံ ၂ ပုံ နဲ့ မှတ်ပုံတင် မူရင်းယူဆောင်သွားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်သတ္တု (ရွှေ) ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်ကနေ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ လ ၁၇ ရက်အထိ ၃ လအတွင်း နောက်ဆုံးထားလျှောက်ထားခွင့်ပြုခဲ့တာပါ။ သတ်မှတ်ကာလ ၃ လအတွင်း ရန်ကုန်တိုင်းဒေသကြီး ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း ကနဦးစိစစ်ရေးအဖွဲ့ဆီကနေ လုပ်ငန်းလိုင်စင်အတွက် လျှောက်လွှာစောင်ရေ တစ်ထောင်ကျော် ထုတ်ယူမှု ရှိခဲ့တယ်လို့ သိရပါတယ်။ရွှေလုပ်ငန်းလိုင်စင်နဲ့ စနစ်တကျဆောင်ရွက်တဲ့အခါမှာ ရွှေဈေးနှုန်းတည်ငြိမ်နိုင်မှာဖြစ်ပြီး လုပ်ငန်းရှင်တွေအနေနဲ့ အခွန်ထမ်းဆောင်ထားတဲ့အတွက် တရားဝင်ခွင့်ပြုထားတဲ့အခွင့်အရေးတွေ ရရှိလာနိုင်မှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း ကနဦး စိစစ်ရေးအဖွဲ့ ဥက္ကဋ္ဌ သယံဇာတရေးရာ ဝန်ကြီး ဦးဇော်ဝင်းက ပြောထားပါတယ်။

လုပ်ငန်းလိုင်စင်ရရှိတဲ့ လူပုဂ္ဂိုလ်၊ ကုမ္ပဏီဟာ ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေး ကော်မတီက သတ်မှတ်ထုတ်ပြန်ထားတဲ့ ရည်ညွှန်းဈေးနဲ့သာ ရောင်းဝယ်တာ ပြုလုပ်ရမယ်လို့ သတ်မှတ်ထားပါတယ်။ ဒါ့အပြင် နေ့စဉ်၊ လစဉ် အရောင်းအဝယ်စာရင်းနဲ့ လက်ကျန်စာရင်းတွေကို တင်ပြရမှာဖြစ်သလို ရွှေဈေးကွက် မတည်မငြိမ်ဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်တာ၊ ရောင်းဝယ်တာ မပြုရဘူးလို့လည်း သတ်မှတ်ချက်မှာ ပါရှိပါတယ်။