ရုရှားနိုင်ငံကို မြန်မာလုပ်သားတွေ စေလွှတ်နိုင်ရေးအတွက် သေချာစိစစ်ပြီးမှသာ ခွင့်ပြုသွားမှာ ဖြစ်တယ်လို့ မြန်မာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MOEAA)က တာဝန်ရှိသူတစ်ယောက်က One News ကို ပြောပါတယ်။ ရုရှားနိုင်ငံက မြန်မာအလုပ်သမားတွေကို ခေါ်ယူဖို့ အလုပ်ခေါ်စာတွေ ရရှိထားပေမယ့် ရုရှားနိုင်ငံရဲ့ ရာသီဥတုအခြေအနေတွေ၊ အလုပ်ရှင်နဲ့ အလုပ်သမားကိစ္စတွေ၊ ယဉ်ကျေးမှုအခြေအနေတွေနဲ့ ရုရှားဘာသာစကား စာမေးပွဲတွေ ပြုလုပ်အောင်မြင်ပြီးမှသာ စိစစ်ခွင့်ပြုသွားနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ရုရှားကို မြန်မာအလုပ်သမားစေလွှတ်တာ မရှိသေးဘဲ သွားရောက်အလုပ်လုပ်ဖို့ အခက်အခဲတွေ ရှိနေပြီး သေချာစိစစ်ပြီးမှသာ ခွင့်ပြုသွားမယ့် အနေအထားမှာ ရှိတယ်လို့ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ လတ်တလော ရုရှားနိုင်ငံကို မြန်မာလုပ်သားတွေ စေလွှတ်ဖို့ကိစ္စက မရှိသေးဘဲ ဘယ်ကာလလောက်မှာ စေလွှတ် မလဲဆိုတာလည်း မသိနိုင်သေးဘူးလို့ ဆိုပါတယ်။မြန်မာလုပ်သားတွေ ရုရှားနိုင်ငံကို စေလွှတ်နိုင်ရေးအတွက် နှစ်နိုင်ငံ MoU လက်မှတ်ရေးထိုးနိုင်ရေး အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ်ဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်တဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၄ ရက်က ကျင်းပခဲ့ပြီး အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေနဲ့ တာဝန်ရှိသူတွေ၊ MOEAA နဲ့ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီတွေ တက်ရောက်ခဲ့ကြပါတယ်။

အဲဒီအစည်းအဝေးမှာတော့ ပြည်ထောင်စုဝန်ကြီးက ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီတွေ အနေနဲ့ ပြည်ပနိုင်ငံတွေကို လုပ်သားတွေ စေလွှတ်ရာမှာ မိမိရဲ့ သားသမီးတွေသဖွယ် သဘောထားပြီး ဖြစ်ပေါ်လာ နိုင်တဲ့ အခြေအနေ အရပ်ရပ်ကို မြော်တွေးစဉ်းစားကာ ဂုဏ်သိက္ခာရှိတဲ့ ကုမ္ပဏီတွေအဖြစ် ရပ်တည်ဆောင်ရွက် သွားကြရမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။