မကွေးမြို့နယ်အတွင်း အခုနှစ် ဆီး(ဇီး)သီးပေါ်ချိန်မှာ အထွက်နှုန်းကောင်းပြီး ဈေးကွက်လည်း အတော်အသင့် ကောင်းတယ်လို့ ဆီးစိုက်တောင်သူတွေဆီက သိရပါတယ်။အခုနှစ် ရာသီဥတုအခြေအနေက မိုးကောင်းတဲ့ဘက်မှာ ရှိခဲ့တာကြောင့် အထွက်နှုန်း ကောင်းကြသလို ဈေးကောင်းလည်း ရကြတယ်လို့ မကွေးမြို့နယ်၊ ကျွန်းပြတ်ကျေးရွာမှ ဆီးစိုက်တောင်သူ ကိုကြည်သောင်းက ပြောပါတယ်။

ဆီးသီးကို အစို၊ အခြောက်နဲ့ ဆိတ်တွေစားပြီး ပြန်လည်ရရှိတဲ့ ဆိတ်စားဆီးသီးဆိုပြီး သုံးမျိုးခွဲကာ ရောင်းချကြ တယ်လို့ ဆိုပါတယ်။ဆီးသီး အစိုတစ်တင်းကို (၁၀၀၀၀)ကျပ်၊ အမှည့်ခြောက် တစ်တင်းကို (၁၂၀၀၀)ကျပ်ကနေ (၁၅၀၀၀)ကျပ်၊ ဆိတ်စားဆီးသီး တစ်တင်းကို (၄၅၀၀၀)ကျပ်ကနေ (၅၀၀၀၀)ကျပ် ဈေးတွေနဲ့ အရောင်းအဝယ် ပြုလုပ်နေတာ ဖြစ်တယ်လို့ မကွေးမြို့က ဆီးသီးရောင်းဝယ်ရေးနှင့်ကြိတ်ခွဲရေးလုပ်ငန်းလုပ်ကိုင်သူ ဦးအောင်မောင်းက ပြောပါတယ်။

ဆီးသီးရောင်းဝယ်၊ ကြိတ်ခွဲရေး လုပ်ကိုင်သူတွေအနေနဲ့ ကြိတ်ခွဲရရှိလာတဲ့ ဆီးမှုန့်တွေကို တိရစ္ဆာန်အစာလုပ်ငန်း တွေကို ရောင်းချပြီး ဆီးခွဲခြမ်းတွေကိုတော့ လောင်စာအဖြစ် ရောင်းချကြပါတယ်။ ဆီးဝတ်ဆံလေးတွေကိုတော့ မန္တလေးဈေးကွက်ကနေတစ်ဆင့် တရုတ်ပြည်ကို တင်ပို့တာဖြစ်ပါတယ်။ဆီးသီးဈေးကွက်ရဲ့ အတက်အကျဟာ ဆီးဝတ်ဆံတွေကို ဝယ်ယူတဲ့ တရုတ်ရဲ့ဝယ်ယူမှုပေါ်မှာ မူတည်ပြီး အတက်အကျ ဖြစ်ပေါ်တယ်လို့ သိရပါတယ်။