အခုနှစ် အစောပိုင်းမှာ ဘက်ထရီဆိုင်ကယ်နဲ့ ဘက်ထရီစက်ဘီးတွေ အရောင်းအဝယ် အေးနေတယ်လို့ ဈေးကွက် ကနေ စုံစမ်းသိရှိရပါတယ်။ ဈေးနှုန်းတွေက ထက်ဝက်ကျော်လောက် မြင့်တက်တာနဲ့ အားသွင်းဖို့ လျှပ်စစ်မီး အခက်အခဲတွေကြောင့် အရောင်းအဝယ် အေးနေတာ ဖြစ်တယ်လို့ ဘက်ထရီစက်ဘီး၊ဆိုင်ကယ် အရောင်းဆိုင် ပိုင်ရှင်တချို့က ပြောပါတယ်။

ဈေးနှုန်းမြင့်တက်တာတွေကြောင့် ဝယ်သူအများစုက အသစ်ထက် ကျပ် ၁၀ သိန်းအောက် အဟောင်းဘီးတွေကိုပဲ ရွေးချယ်လာကြတယ်လို့ သင်္ဃန်းကျွန်းမြို့နယ်မှာ ဘက်ထရီဆိုင်ကယ် အရောင်းဆိုင်ဖွင့်ထားသူ တစ်ယောက်က ပြောပါတယ်။ အရင်ကဆိုရင် ကျပ် ၇ သိန်း၊ ၈ သိန်း ဝန်းကျင်သာပေါက်ဈေးရှိခဲ့တဲ့ ဘက်ထရီ ဆိုင်ကယ်တစ်စီးက အခုဆိုရင် ကျပ် ၁၅ သိန်းကျော်အထိ ပေါက်ဈေးရှိလာတာပါ။

ဘက်ထရီ ဆိုင်ကယ်အသစ်တစ်စီးက အနည်းဆုံး ကျပ် ၁၅ သိန်းဝန်းကျင်ကနေ ကျပ်သိန်း ၃၀ လောက် ပေါက်ဈေးရှိနေပြီး ဘက်ထရီစက်ဘီး အသစ်တစ်စီးက အနည်းဆုံး ကျပ် ကျပ် ၁၂ သိန်းဝန်းကျင် ပေါက်ဈေး ရှိတယ်လို့ သိရပါတယ်။ ဝယ်ထားသူအချို့ကလည်း ပေါက်ဈေးထက် ထက်ဝက်လောက် အရှုံးခံပြီး ပြန်လည်ရောင်းချလာတာမျိုးတွေ ရှိတယ်လို့ သိရပါတယ်။