ပြည်ပကနေ ဆိုလာနဲ့ ဆက်စပ်ပစ္စည်းတွေ အဝင်များလာတာရယ်၊ လျှပ်စစ်မီးရရှိချိန် ပြန်တိုးလာတာတွေကြောင့် ဆိုလာဈေးနှုန်းတွေ အနည်းငယ်ပြန်ကျတယ်လို ဆိုလာအရောင်းဆိုင်တချိုကနေ သိရပါတယ်။ အရင်က ၄ပေ ၈ပေ၊ ၅၈၅ ဝပ် ၅၉၀ ဝပ် ဆိုလာတစ်ချပ်ကို ကျပ် ၄ သိန်း – ၈ သောင်း ဝန်းကျင်လောက်ရှိရာကနေ ခုဆိုရင် တစ်ချပ်ကို ကျပ် ၄ သိန်း – ၆သောင်း ကနေ ၄ သိန်း- ၇သောင်း ဝန်းကျင်ကို ကျလာတာဖြစ်တယ်လို သိရပါတယ်။

ဆိုလာနဲ့ ဆက်စပ်ပစ္စည်းတွေ အဝင်များလာချိန်မှာ အဝယ်ကလည်းအနည်းကျတဲ့တာကြောင့် ဆိုလာတင်သွင်း လာသူတွေက ခုလိုဈေးနှုန်းအနည်းငယ်လျော့ချရောင်းချပေးလာကြတာလို YWA Engineering ကုမ္ပဏီ ပိုင်ရှင် ဦးရဲဝင်းအောင်က ပြောပါတယ်။၄ ပေ ၈ ပေ၊ ၅၈၅ ဝပ် ၅၉၀ ဝပ် ဆိုလာတစ်ချပ်က လျှပ်စစ်ထွက်အား ဝပ် ၃၀၀ ကနေ ၄၅၀ ကြား ထုတ်လုပ်ပေးနိုင်ပြီး ထမင်းချက်၊ မီးပူတိုက်၊ ဘက်ထရီအားသွင်းတာတွေအတွက်ပါဆိုရင် ဆိုလာပြား ၄ ချပ် ကနေ ၆ချက် လောက် တပ်ဆင်ဖို လိုအပ်မယ်လို သိရပါတယ်။

လက်ရှိဆိုလာဈေးကွက်ထဲမှာ အများဆုံးအသုံးပြုကြတာက ကျပ် သိန်း ၈၀ ကနေ ကျပ်သိန်း ၁၀၀ ဝန်းကျင် ဆိုလာ တွေအသုံးများကြတယ်လို ဆိုလာပစ္စည်းအရောင်းဈေးကွက်ကနေ သိရပါတယ်။ ကျောင်းသုံး ၊ ဆေးရုံသုံး လုပ်ငန်းသုံးတွေအတွက်ကတော့ အနေအထားပေါ်မူတည်ပြီး ကျပ် သိန်း ၅ ထောင်ကနေ ကျပ်သိန်း ၈၀၀၀ ဝန်းကျင်လောက်အထိ ဝယ်ယူတပ်ဆင်အသုံးပြုနေကြတယ်လို သိရပါတယ်။ဆိုလာတပ်ဆင်ခအနေနဲ့ကတော့ ဆိုလာတစ်ချပ်ကို ကျပ် ၆ သောင်းကနေ ၉ သောင်း ဝန်းကျင် ပေါက်ဈေးရှိနေ တာဖြစ်ပါတယ်။ ပြည်တွင်းမှာ တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ ဆိုလာနဲ့ ဆက်စပ်ပစ္စည်းတွေကို အများဆုံးတင် သွင်းရောင်းချနေတယ် လို သိရပါတယ်။