အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုပြီးတဲ့ ပြည်တွင်းပြည်ပ ကုမ္ပဏီတွေကနေ ၂၀၂၅ ခုနှစ် အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍနဲ့ MSME ကဏ္ဍတွေကို ဦးစားပေး ချေးငွေ ထုတ်ချေးပေးသွားမယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက သိရပါတယ်။

ချေးငွေကဏ္ဍကတော့ ၆ မျိုးရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဝန်ဆောင်မှုနဲ့ ထုတ်လုပ်မှု၊ ကုန်သွယ်မှုနဲ့ ပညာရေး ကဏ္ဍတွေ ဖြစ်ပြီး အဲဒီထဲမှာ MSME ကဏ္ဍဖြစ်တဲ့ ဝန်ဆောင်မှုနဲ့ထုတ်လုပ်မှုကဏ္ဍကို ထုတ်ချေးပေးထားတဲ့ ချေးငွေက ကျပ်ဘီလီယံ ၃၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။အခု ၂၀၂၅ ခုနှစ်မှာလည်း MSME ကဏ္ဍတွေနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍကို ဦးစားပေး ထုတ်ချေးပေး သွားမယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဇော်နိုင်က နိုင်ငံပိုင်သတင်းဌာနကတစ်ဆင့် ဖြေကြားထားပါတယ်။

အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုပြီးတဲ့ ကုမ္ပဏီတွေကနေ ကျေးလက်ဒေသက ပြည်သူတွေကို အများဆုံး ချေးငွေ ထုတ်ချေးပေးနေတာလို့ ဆိုပါတယ်။လက်ရှိအချိန်ထိ နေပြည်တော် အပါအဝင်း တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုပြီးတဲ့ ပြည်တွင်းပြည်ပ ကုမ္ပဏီ ၁၇၄ ခုရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဝန်ဆောင်မှုနဲ့ ထုတ်လုပ်မှု၊ ကုန်သွယ်မှုနဲ့ပညာရေးကဏ္ဍတွေကို ချေးငွေကျပ် ဘီလီယံ ၂၀၀၀ ကျော် ထုတ်ချေးထားပြီး ဖြစ်တယ်လို့ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက သိရပါတယ်။