ရန်ကုန်တိုင်းဒေသကြီးအတွင်း YBS ယာဉ်လိုင်းအသုံးပြုသွားလာနေကြတဲ့ ခရီးသွားပြည်သူတွေအဆင်ပြေစေဖို့ ယာဉ်စီးခပေးချေရာမှာ ငွေအကြွေအခက်အခဲတွေပြေလျော့စေဖို့ YPS ကတ်တွေနဲ့ ယာဉ်လိုင်းအားလုံးမှာအသုံးပြုနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ YBS ယာဉ်လိုင်းကုမ္ပဏီတွေကပြောပါတယ်။
အဲဒီလို ဆောင်ရွက်ရာမှာလည်း ကတ်ဖြတ်စက်တပ်ဆင်ထားတဲ့ ယာဉ်လိုင်းတွေအနေနဲ့ စက်တွေကို ပိတ်ထားပြီး ယာဉ်မောင်းတွေက ယာဉ်စီးခကောက်ခံတာမျိုးတွေရှိနေပြီး ခရီးသည်တွေရဲ့တိုင်ကြားမှုတွေများပြားလာတာကြောင့်ထိရောက်တဲ့အရေးယူတာမျိုးတွေပြုလုပ်မယ်လို့ ရွှေပြည်သာသားယာဉ်လိုင်းကုမ္ပဏီ ဥက္ကဋ္ဌ ဦးအေးလွင်ကပြောပါတယ်။
လတ်တလောမှာတော့ အချို့ယာဉ်မောင်းတွေအနေနဲ့ ကတ်ဖြတ်စက်ကိုပိတ်ထားတာမျိုးတွေ၊ ဖြူးစ်ဖြုတ်ထားတာမျိုးတွေ ရှိပြီးခရီးသည်တွေဆီက ငွေကောက်ခံတာတွေရှိတာကြောင့် အခုနောက်ပိုင်းဖြူးစ်တွေကို ဖြုတ်မရအောင် သက်ဆိုင်ရာကတ်ကုမ္ပဏီနဲ့ညှိနှိုင်းပြီး စည်းခတ်တာမျိုးတွေပြုလုပ်နေတယ်လို့သိရပါတယ်။
ကတ်ကုမ္ပဏီအနေနဲ့ကလည်း သက်ဆိုင်ရာယာဉ်လိုင်ကုမ္ပဏီတွေနဲ့ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်တာမျိုးတွေပြုလုပ်နေတယ်လို့ Asia Starmar Transport Intelligent Co.,Ltd က Senior Marketing Manager ဦးလွင်ဖြိုးအောင်ကပြောပါတယ်။
ပထမအဆင့်အနေနဲ့ ယာဉ်စီးခပေးချေရာမှာ ငွေအကြွေပြဿနာတွေနဲ့ စပယ်ယာကငွေကောက်ခံတဲ့ပြသနာတွေပပျောက်ဖို့အတွက် YPS ကတ်စနစ်နဲ့ဆောင်ရွက်ခဲ့ရာမှာ YPS ကတ်အသုံးပြုသူ ၂ သိန်း ၃ သောင်းကျော်ရှိပြီး ကတ်ဖြန့်ဖြူးထားရှိမှုကတော့ ၄ သိန်းခွဲဝန်းကျင်ရှိတယ်လို့သိရပါတယ်။
ဒုတိယအဆင့်အဖြစ် ခရီးသွားပြည်သူတွေ ပိုမိုအဆင်ပြေစေဖို့ မိုလ်ဘိုင်းဖုန်းကတစ်ဆင့် QR Code စနစ်နဲ့ ယာဉ်စီးခပေးချေနိုင်တဲ့အစီအစဉ်ကိုလည်းဆောင်ရွက်ပေးရာမှာ Download ဆွဲပြီးသူ ၁ သိန်းကျော်နဲ့ လက်ရှိအသုံးပြုနေသူ ၂ ထောင်ကျော်ရှိနေပြီလို့သိရပါတယ်။
YPS ကတ်တွေကို အလွယ်တကူဝယ်နိုင်ဖို့ မြန်မာပလာဇာ၊ သခင်မြပန်းခြံ၊ ရှစ်မိုင်၊ လှည်းတန်း၊ စိုက်ပျိုးရေးစတဲ့ မှတ်တိုင်နေရာတွေမှာ အရောင်းကောင်တာတွေဖွင့်လှစ်ပေးထားပြီး နီးစပ်ရာ G&G စတိုးဆိုင်တွေမှာလည်း အလွယ်တကူဝယ်ယူနိုင်ဖို့ဆောင်ရွက်ပေးထားတယ်လို့သိရပါတယ်။၊