ကျပ်သိန်း ၅၀၀၀ တစ်ဆု၊ ကျပ်သိန်း ၂၀၀ နှစ်ဆု၊ ကျပ်သိန်း ၁၀၀ နှစ်ဆု အပါအဝင် ထီဆုမဲ ၁၃၀၀၀ ကျော် ထုတ်ယူဖို့ကျန်ရှိနေတယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆု ဌာနခွဲက ကြေညာထားပါတယ်။
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁ ရက်မှာဖွင့်လှစ်ခဲ့တဲ့ ၅၆ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲမှာ ဆုမဲပေါင်းတစ်သိန်းကျော်ခွဲဝေချီးမြှင့်ခဲ့ရာ ဆုမဲ ၁၃၀၀၀ ကျော်ကို လက်ရှိအချိန်ထိ လာရောက်တောင်းခံတာမရှိသေးဘူးလို့ဆိုပါတယ်။
လာရောက်တင်ပြတောင်းခံတာမရှိသေးတဲ့ ဆုမဲတွေထဲမှာတော့ ကျပ်သိန်း ၅၀၀၀ တစ်ဆု၊ ကျပ်သိန်း ၂၀၀ နှစ်ဆု၊ ကျပ်သိန်း ၁၀၀ နှစ်ဆု၊ ကျပ်သိန်း ၅၀ နှစ်ဆု၊ ကျပ်သိန်း ၂၀ (၇)ဆု၊ ကျပ် ၁၀ သိန်း (၃)ဆု စတဲ့ ဆုရလက်မှတ်တွေပါဝင်တယ်လို့ ကြေညာချက်အရ သိရပါတယ်။
အဲဒီ ဆုရလက်မှတ်တွေကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်အထိ ရန်ကုန်နဲ့မန္တလေးမြို့တွေရှိ အောင်ဘာလေသိန်းဆုဌာနခွဲရုံးတွေမှာ လာရောက်တင်ပြထုတ်ယူတာမရှိရင် အခွန်ဘဏ္ဍာအဖြစ် သိမ်းယူသွားမှာဖြစ်တယ်လို့လည်း ကြေညာချက်မှာဖော်ပြထားပါတယ်။