နိုင်ငံတော်ပိုင်မြန်မာ့စီးပွားရေးဘဏ်က အပ်ငွေအမျိုးအစားအပေါ်မူတည်ပြီး အတိုးနှုန်းကို အနည်းဆုံး ၉ ရာခိုင်နှုန်းကနေ အများဆုံး ၁၁ ရာခိုင်နှုန်းအတွင်း တိုးမြှင့်ပြင်ဆင်သတ်မှတ်လိုက်တယ်လို့ မြန်မာ့စီးပွားရေးဘဏ်က စက်တင်ဘာ ၂၄ ရက်ကထုတ်ပြန်ပါတယ်။
ပြင်ဆင်သတ်မှတ်လိုက်တဲ့ အပ်ငွေအတိုးနှုန်းတွေကတော့ ငွေစုဘဏ်အပ်ငွေကို ၉ ရာခိုင်နှုန်း၊ ငွေစုလက်မှတ်အပ်ငွေကို အတိုးနှုန်း ၁၀ ရာခိုင်နှုန်း၊ စာရင်းသေအပ်ငွေတွေအတွက် ၁ လ အပ်ငွေ ၉ ရာခိုင်နှုန်း၊ ၃ လအပ်ငွေ ၉ ဒသမ ၅ ရာခိုင်နှုန်း၊ ၆ လအပ်ငွေ ၁၀ ရာခိုင်နှုန်း၊ ၉ လအပ်ငွေ ၁၀ ဒသမ ၅ ရာခိုင်နှုန်း၊ ၁ နှစ်အပ်ငွေ ၁၁ ရာခိုင်နှုန်းကို အသီးသီးတိုးမြှင့်ပြင်ဆင်သတ်မှတ်လိုက်တာပါ။
ငွေကြေးဖောင်းပွမှု နှုန်းလျော့ကျစေဖို့နဲ့ ဘဏ်တွေကချေးငွေပိုမိုထုတ်ချေးနိုင်ဖို့အတွက် ဗဟိုဘဏ်အတိုးနှုန်း၊ ဘဏ်တွေက အပ်ငွေတွေအပေါ်ပေးတဲ့ အတိုးနှုန်းနဲ့ ချေးငွေတွေအပေါ် ကောက်ခံနိုင်တဲ့ အတိုးနှုန်းတွေကို ပြင်ဆင်သတ်မှတ်လိုက် ကြောင်းဗဟိုဘဏ်က ဩဂုတ် ၁၄ ရက်ကထုတ်ပြန်ပြီးနောက် ပြည်တွင်းပုဂ္ဂလိကဘဏ်တွေအပြင် နိုင်ငံတော်ပိုင်မြန်မာ့စီးပွားရေးဘဏ်ကလည်း အပ်ငွေအတိုးနှုန်းတွေကို ပြင်ဆင်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
ဗဟိုဘဏ်ရဲ့အတိုးနှုန်းပြင်ဆင်သတ်မှတ်ချက်ကတော့ စက်တင်ဘာ ၁ ရက်ကစပြီး ဗဟိုဘဏ်ရဲ့အတိုးနှုန်းကို ၇ ရာခိုင်နှုန်းကနေ ၉ ရာခိုင်နှုန်း၊ ဘဏ်တွေကအပ်ငွေတွေအပေါ်ပေးရမယ့် အနည်းဆုံးအတိုးနှုန်းကို ၇ ရာခိုင်နှုန်းနဲ့ ချေးငွေတွေအားလုံးအတွက်ကောက်ခံနိုင်တဲ့ အများဆုံးအတိုးနှုန်းကိုလည်း ၁၅ ရာခိုင်နှုန်းအထိ သတ်မှတ်လိုက်တာဖြစ်ပါတယ်။