နိုင်ငံအများအပြားအပေါ် စည်းကြပ်ခွန်တိုးမြှင့်မယ့် ဆုံးဖြတ်ချက်ကို ထရမ့်အစိုးရက ယာယီဆိုင်းငံ့ပြီးနောက် အာရှဒေသတစ်လွှားမှာ စတော့ဈေးကွက်တွေ ပြန်မြင့်တက်လာပါတယ်။ ဒီကနေ့ ဧပြီ ၁၀ ရက် မနက်အစောပိုင်း မှာ စတော့အညွှန်းကိန်းတွေ ပြန်မြင့်တက်လာတာဖြစ်ပြီး ဂျပန်မှာ ၈ ရာခိုင်နှုန်းကျော်နဲ့ တောင်ကိုရီးယားမှာ ၅ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့တယ်လို့ The New York Times သတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဩစတြေးလျ မှာလည်း စတော့အညွှန်းကိန်းတွေဟာ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တရုတ်တိုင်ပေမှာတော့ ၉ ဒသမ ၃ ရာခိုင်နှုန်း အထိ မြင့်တက်ခဲ့ပါတယ်။ထရမ့်အစိုးရဟာ အကောက်ခွန်တိုးမြှင့်မယ့် အစီအစဉ်ကို ရက်ပေါင်း ၉၀ ရွှေ့ဆိုင်းလိုက်တာပါ။ တရုတ်အပေါ် အခွန်စည်းကြပ်မှုနဲ့ မော်တော်ယာဉ်တွေ တင်သွင်းမှုအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမယ့် အစီအစဉ်တွေ ကတော့ ရွှေ့ဆိုင်းတဲ့ထဲမှာ မပါဝင်ပါဘူး။

ပြီးခဲ့တဲ့ ဧပြီ ၃ ရက်မှာ ကုန်သွယ်ဖက်နိုင်ငံအများအပြားကို အခွန်တိုးမြှင့်ဖို့ အမေရိကန်က ကြေညာခဲ့ပြီး ဧပြီ ၈ ရက်မှာတော့ တရုတ်နိုင်ငံက သွင်းကုန်တွေအပေါ် အခွန် ၁၀၄ ရာခိုင်နှုန်းအထိ ကောက်ခံမယ်လို့ အမေရိကန် ဘက်က ကြေညာခဲ့တာပါ။ အဲဒီနောက် မနေ့က ဧပြီ ၉ ရက်မှာ အာရှစတော့ဈေးကွက် သိသိသာသာကျဆင်းခဲ့ပြီး ဂျပန်မှာ ၃ ဒသမ ၉ ရာခိုင်နှုန်းနဲ့ တောင်ကိုရီးယားမှာ ၁ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ဒီနေ့ ဧပြီ ၁၀ ရက် မှာ စတော့ဈေးကွက် ပြန်မြင့်တက်လာပေမယ့် ဒါဟာ ခဏတာ သက်သာရာရမှုသာ ဖြစ်တယ်လို့ စတော့ ဈေးကွက် ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။