အွန်လိုင်းလေပတ်ကားရွှေရောင်းဝယ်သူတွေကြောင့် ရွှေလောက နာမည်ပျက်နေတာဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။ရွှေဈေးနှုန်း၊ ရွှေဈေးကွက်တည်ငြိမ်စေဖို့နဲ့ မေလပတ် ငွေစာရင်း ရှင်းလင်းအတည်ပြုတဲ့ အစည်းအဝေးမှာ ဥက္ကဋ္ဌ ဦးမျိုးမြင့်က အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

လက်ရှိမှာ အွန်လိုင်းကနေ လေပတ်ကား ရွှေအရောင်းအဝယ်ပြုလုပ်ကြရာမှာ ရွှေမပေးသူတွေနဲ့ ရောင်းချရာမှာ လည်း ငွေမပေးသူတွေကို တိုင်ကြားထားတာရှိတဲ့အတွက် အဲဒီသူတွေကို သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးနေ တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရွှေဝယ်သူတွေအနေနဲ့ ရွှေဆိုင်တွေမှာပဲ လက်ငင်းအရောင်းအဝယ် ဆောင်ရွက် သင့်တယ်လို့ ဥက္ကဋ္ဌက အကြံပြု ပြောကြားထားပါတယ်။အခုကာလဟာရွှေဈေးတက်မြင့်တက်လေ့ရှိတဲ့ကာလဖြစ်ပြီး သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်း ၊ အသင်းအဖွဲ့ တွေနဲ့ ရွှေဆိုင်အချင်းချင်း ပြန်ရောင်းပေးတဲ့စနစ်နဲ့ ဈေးနှုန်းတည်ငြိမ်အောင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီက စံချိန်မီရွှေတစ်ကျပ်သားကို ကျပ် ၅၉ သိန်းနဲ့ ရည်ညွှန်း ဈေးသတ်မှတ်ပေးထားတယ်လို့ သိရပါတယ်။

ပြင်ပဈေးကွက်မှာတော့ အခေါက်ရွှေတစ်ကျပ်သားကို ကျပ်သိန်း ၇၀ ကျော် ဈေးတန်းမှာ ရှိနေလို့ သိရပါတယ်။ဒီလိုရည်ညွှန်းဈေးသတ်မှတ်ပေးထားပေမယ့် ရွှေဆိုင်တချို့ကတော့ ပြင်ပပေါက်ဈေးနဲ့သာ အရောင်းအဝယ် ဆောင်ရွက်နေဆဲဖြစ်တယ်လို့ ရွှေဝယ်သူတစ်ဦးက ဆိုပါတယ်။အွန်လိုင်းကနေ ရွှေရောင်းဝယ်သူတွေ ငွေစုစာအုပ်နဲ့ ရွှေရောင်းတာ၊ တာလီစနစ်နဲ့ ရွှေရောင်းတာနဲ့ ကံစမ်းမဲ ဖောက်ပြီး ရွှေရောင်းတာတွေ မပြုလုပ်ဖို့နဲ့ ရွှေလုပ်ငန်းရှင်တွေ၊ ရွှေဆိုင်တွေနဲ့ အွန်လိုင်းကနေတစ်ဆင့် ရွှေရောင်း ဝယ်သူတွေအားလုံး ရွှေဆိုင်နဲ့ ပတ်သက်တဲ့ လိုင်စင်တွေကို မဖြစ်မနေ လျှောက်ထားကြဖို့ YGEA က ဇွန် ၁၂ ရက် မှာ အထူးသတိပေးပန်ကြားလွှာ ထုတ်ပြန်ထားပါတယ်။