ချေးငွေယူထားပြီး ပြန်လည်ပေးဆပ်တာမရှိတဲ့ လုပ်ငန်းရှင်တွေကို တရားဥပဒေအရ အရေးယူဆောင်ရွက် သွားမယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ ချေးငွေ ယူထားတဲ့ လုပ်ငန်းရှင် ၅၈ ယောက်ရှိပြီး သူတို့ဟာ လက်ရှိအချိန်ထိ ချေးငွေတွေကို အပြည့်အဝ ပြန်လည်ပေးဆပ်တာ မရှိသေးဘူးလို့ ဆိုပါတယ်။အဲဒီလုပ်ငန်းတွေအတွက် အထောက်အကူပြု ထုတ်ချေးပေးထားတဲ့ ချေးငွေတွေကို အတိုးနှုန်း သက်သာစွာနဲ့ ထုတ်ချေးပေးခဲ့ရာ ချေးငွေသက်တမ်းကာလကို အကြိမ်ကြိမ် ထပ်မံတိုးမြှင့်ပေးခဲ့ပြီး ချေးငွေသက်တမ်း ၃ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။

အဲဒါကြောင့် ချေးငွေတွေ ပြန်လည်ပေးဆပ်တာ မရှိရင် စီမံခန့်ခွဲရေး ပြစ်ဒဏ်တွေအပြင် တရားဥပဒေအရ အရေး ယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အသိပေး အကြောင်းကြားထားတယ်လို့ တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ချေးငွေပြန်ဆပ်ရမယ့်လုပ်ငန်းတွေထဲမှာတော့ ဆီစက်၊ ဆန်စက်၊ ကြာဆံစက်၊ သောက်ရေသန့်၊ မွေးမြူရေး လုပ်ငန်း စတဲ့ နယ်ပယ်တွေက လုပ်ငန်းရှင်တွေ ပါဝင်တာ တွေ့ရပါတယ်။