မလေးရှားနိုင်ငံမှာ နှစ်စဉ်ဘွဲ့ရသူ ခန့်မှန်းခြေ ၃သိန်းနီးပါးရှိပေမယ့် ကျွမ်းကျင်မှုလိုအပ်ပြီး လစာကောင်းတဲ့ အလုပ်အကိုင်က ၅ သောင်းနီးပါး သာရှိတယ်လို့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး Steven Sim က ဆိုပါတယ်။ ဒါ့ကြောင့် ဘွဲ့ရသူအများအပြားက မိမိတို့အရည်အချင်းကို ထုတ်ဖော်ပြသခွင့်မရတဲ့ ကျွမ်းကျင်မှုနည်းတဲ့ အလုပ် တွေကိုသာ လုပ်ကိုင်နေရတဲ့အတွက် လုပ်ခလစာတိုးမှုကို ဆက်လက်ထိခိုက်နေတယ်လို့ VNExpress သတင်းမှာ ဖော်ပြထားပါတယ်။

အစီရင်ခံစာတစ်ခုအရ မလေးရှားနိုင်ငံမှာရှိတဲ့ ဘွဲ့ရပြီးစလူငယ် ၆၅ ရာခိုင်နှုန်းကျော်ဟာ လစဉ်ဝင်ငွေ ရင်းဂစ် ၃၀၀၀ ထက်နည်းပါးပြီး အဲဒီငွေဟာ အခြေခံလိုအပ်ချက်အတွက်တောင် မလုံလောက်ဘူးလို့ ဖော်ပြထားပါတယ်။ဘွဲ့ရပြီးစလူငယ်တွေအတွက် အလုပ်ဝင်ခါစလစာ အလွန်နည်းပါးနေတာဟာ အချိန်ကြာမြင့်စွာ တည်ရှိနေတဲ့ ပြဿနာဖြစ်ပြီး လုပ်ခလစာနည်းပါးမှုက နှစ်ပေါင်းများစွာ တည်ငြိမ်နေတဲ့အတွက် စိုးရိမ်စရာ ဖြစ်နေပါတယ်။

ဒီနေ့ခေတ် ဘွဲ့ရပြီးစလူငယ်တွေရဲ့ လစာဟာ ပုံမှန်အားဖြင့် ရင်းဂစ် ၂၀၀၀ ကနေ ၃၀၀၀ ကြားရှိပြီး ဒါဟာ နှစ်ပေါင်းများစွာအတွင်း အနည်းငယ်သာ တိုးလာတာဖြစ်တယ်လို့ မလေးရှားဗဟိုဘဏ်ရဲ့ အကြီးအကဲဟောင်း တစ်ယောက်က ဆိုပါတယ်။ ဒီလို အခြေအနေတွေကြောင့် ဘွဲ့ရလူငယ်အများအပြားဟာ စားဝတ်နေရေး ပြဿနာတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ လူ့စွမ်းအားအရင်းအမြစ်အကြံပေး တစ်ယောက်ကလည်း ပြောကြားထား ပါတယ်။