မန္တလေးမြို့ Sky Villa အဆောက်အဦ(B)အဆောင်နဲ့ (C) အဆောင်တွေမှာ ဖယ်ရှားရှင်းလင်းတာတွေ ဆောင်ရွက် ခဲ့ရာ မေ ၂၂ ရက်၊ မနက်ပိုင်းက ကျပ်သိန်း ၂၆၀ ကျော်နဲ့ လက်ဝတ်ရတနာပစ္စည်းတွေ ရှာတွေ့ခဲ့ပြီး ပိုင်ရှင်ဖြစ်သူ တွေထံ လွှဲပြောင်းအပ်နှံခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က စက်ယန္တရားတွေနဲ့အတူ ဖယ်ရှားရှင်းလင်းတာတွေ ဆောင်ရွက်ရာမှာ (B) အဆောင်၊ G-8 အခန်းကနေ တွေ့ရှိတဲ့ ကျပ်ငွေသိန်း(၂၆၀)ကျော်၊ ရွှေလက်ကောက်၊ ရွှေလက်စွပ်၊ ရွှေ ဆွဲကြိုး စတဲ့ ရွှေထည်ပစ္စည်းတွေ၊ ၂ ကျပ်သား ရွှေတုံး (၁)တုံး၊ မိုးကုတ်ကျောက်သေး (၁၈)ထုပ်၊ မျှောကျောက် အရိုင်း (၅) တုံး၊ မျှောကျောက် အချော (၇) တုံး၊ Passport စာအုပ် ၂ အုပ်၊ ကားအုံနာဘုတ် ၃ အုပ် နဲ့အရေးကြီး စာရွက်စာတမ်း တွေကို ပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့ကတစ်ဆင့် ပိုင်ရှင်ဖြစ်သူထံ လွှဲပြောင်းအပ်နှံခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအပြင် မန္တလေးမြို့ Sky Villa အဆောက်အဦ (B)အဆောင်နဲ့ (C) အဆောင်တွေမှာ ဖယ်ရှားရှင်းလင်းရေးနဲ့ ရုပ်အလောင်းတွေ ထုတ်ယူနိုင်ရေး ဆောင်ရွက်ခဲ့ရာ မေလ ၂၂ ရက်မှာ အမျိုးသား ရုပ်အလောင်း တစ်လောင်း၊ မေ ၂၀ ရက်မှာ အမျိုးသမီး ရုပ်အလောင်း တစ်လောင်း၊ မေ ၁၉ ရက်မှာ အမျိုးသမီး ရုပ်အလောင်းတစ်လောင်း၊ မေ ၁၈ ရက်မှာ အမျိုးသား ရုပ်အလောင်း တစ်လောင်း၊ မေ ၁၆ ရက်မှာ အမျိုးသား ရုပ်အလောင်းတစ်လောင်း၊ မေ ၁၅ ရက်မှာ အမျိုးသား ရုပ်အလောင်း တစ်လောင်းနဲ့ အမျိုးသမီး ရုပ်အလောင်း တစ်လောင်း ထုတ်ယူနိုင်ခဲ့တယ်လို့ လည်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။လက်ရှိအချိန်ထိ မန္တလေးငလျင်ကြီးကြောင့် Sky Villa ကွန်ဒို ပြိုကျပျက်စီးမှုမှာ အသက်ရှင်သူ ၅၂ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူ ရုပ်အလောင်း ၁၀၀ ကျော် ရှာဖွေထားနိုင်ခဲ့တယ်လို့ သိရပါတယ်။