မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်နဲ့ ထိုင်းဘတ်တွေကို ဖေဖော်ဝါရီ ၂၀ ရက်က ထပ်မံထုတ်ရောင်းပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဗဟိုဘဏ်၊ AD လိုင်စင်ရဘဏ်တွေ၊ ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်တွေ ပါဝင်တဲ့ FX Market Online Trading Platform ကနေ ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။

ရောင်းချပေးရာမှာတော့ ငွေလဲနှုန်း တစ်ဒေါ်လာကို ၃၅၉၃ ကျပ်နဲ့ အမေရိကန်ဒေါ်လာ ၅ သောင်းကျော်၊ တစ်ယွမ်ကို ၅၄၂ ကျပ်နဲ့ ယွမ် ၆ သိန်းကျော်၊ တစ်ဘတ်ကို ၁၃၁ ဒသမ ၅၀ ကျပ်နဲ့ ဘတ် ၉ သိန်းကျော်တို့ကို ထုတ်ရောင်းပေးခဲ့တာလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။အခုလို ထုတ်ရောင်းပေးတဲ့အတွက် နိုင်ငံခြားငွေကြေးဈေးကွက်မှာ ငွေလဲနှုန်းတွေ ကျဆင်းလာနိုင်သလို ပို့ကုန် သွင်းကုန်လုပ်ငန်းရှင်တွေအတွက်လည်း အဆင်ပြေနိုင်တယ်လို့ သိရပါတယ်။

ဗဟိုဘဏ်အနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်က ယွမ် ၉ သိန်းကျော်နဲ့ ထိုင်းဘတ် ၁ သန်းကျော် ရောင်းချ ပေးခဲ့သလို ဖေဖော်ဝါရီ ၁၈ ရက်ကလည်း တရုတ်ယွမ် ၁၀ သိန်းနီးပါးနဲ့ ထိုင်းဘတ် ၁ သန်းတို့ကို ထုတ်ရောင်း ပေးခဲ့ပါသေးတယ်။