ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့တဲ့နိုင်ငံတွေမှာ ဈေးကွက်နဲ့ဈေးနှုန်းဖြစ်ပေါ်မှုတွေအရ စက်တင်ဘာလ ၉ ရက်ကနေ ၁၅ ရက်အထိ ရန်ကုန်အထိုင်ဈေး လက်ကားရည်ညွှန်းဈေးအဖြစ် စားအုန်းဆီတစ်ပိဿာကို ၆၆၀၅ ကျပ် သတ်မှတ်ထားတယ်လို့ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့အပတ်ကတော့ ရန်ကုန်အထိုင်ဈေး လက်ကားရည်ညွှန်းဈေးဟာ တစ်ပိဿာကို ၆၄၉၀ ကျပ် သတ်မှတ်ခဲ့တဲ့အတွက် အခုအပတ်ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် ၁၁၅ ကျပ် ဈေးနှုန်းမြင့်တက်သွားတာဖြစ်ပါတယ်။
စားအုန်းဆီရည်ညွှန်းဈေးတွေကို စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့တဲ့ မလေးရှားနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ဈေးနှုန်းတွေကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်တွေ၊ ဘဏ်စရိတ်တွေ၊ အခွန်အခတွေ ထည့်သွင်းတွက်ချက်ပြီး ပြည်တွင်းဈေးကွက်မှာ ရောင်းဝယ်ရမယ့်အခြေခံလက်ကားရည်ညွှန်းဈေးတွေကို ထုတ်ပြန်ပေးနေတာဖြစ်တယ်လို့သိရပါတယ်။
ဒါ့အပြင် ပြည်တွင်းဈေးကွက်ထဲမှာ စားအုန်းဆီကိုဈေးကစားဖို့ရည်ရွယ်ချက်နဲ့သိုလှောင်တာ၊ ဈေးနှုန်းမြှင့်တင်ရောင်းချတာနဲ့ မသမာတဲ့လုပ်ဆောင်မှုတွေပြုလုပ်ရင် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်အရသိရပါတယ်။