အိန္ဒိယဟာ ဂျပန်ကို ကျော်တက်ပြီး ကမ္ဘာ့စတုတ္ထမြောက် စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာကြောင်း The New York Times သတင်းမှာ ပါရှိလာပါတယ်။NITI Aayog လို့ ခေါ်တဲ့ အစိုးရ Think Tank အေဂျင်စီက အိန္ဒိယနိုင်ငံရဲ့ စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုး (GDP)ဟာ အမေရိကန်ဒေါ်လာ ၄ ထရီလီယံကို ရောက်ရှိခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။

ဒီကြေညာချက်အရ အိန္ဒိယ ဟာ အမေရိကန်၊ တရုတ်နဲ့ ဂျာမနီတို့ပြီးရင် ကမ္ဘာပေါ်မှာ စတုတ္ထမြောက် စီးပွားရေးအရ အင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာပါတယ်။စီးပွားရေးအညွှန်းကိန်းတွေအရ အိန္ဒိယဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ထရီလီယံပဲ ရှိခဲ့ရာကနေ ဆယ်စုနှစ်တစ်ခုအတွင်းမှာတင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ထရီလီယံနီးပါးအထိ တိုးလာခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ အမေရိကန်၊ တရုတ်၊ ယူကေနဲ့ ပြင်သစ်တို့ရဲ့ GDP တိုးနှုန်းတွေနဲ့ ယှဉ်လိုက်ရင် ပမာဏ အများကြီး ကွာခြားတာလည်း ဖြစ်ပါတယ်။ အိန္ဒိယရဲ့ စီးပွားရေးတိုးတက်နှုန်းက အချိန်ကြာလာတာနဲ့အမျှ ပိုမြန်လာပြီး ၂၀၀၇ ခုနှစ်တုန်းက ပထမဆုံး အမေရိကန်ဒေါ်လာ ၁ ထရီလီယံကို ရောက်ခဲ့ပေမဲ့ ဒီလိုရောက်နိုင်ဖို့ နှစ်ပေါင်း ၆၀ ကျော် ကြာခဲ့တာပါ။

ဒါပေမဲ့ ၂၀၂၁ ခုနှစ်အရောက်မှာ ဒေါ်လာ ၃ ထရီလီယံထိ တိုးလာပြီး လေးနှစ် အကြာ ၂၀၂၅ ခုနှစ်မှာတော့ အမေရိကန်ဒေါ်လာ ၄ ထရီလီယံအထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။နိုင်ငံတကာငွေကြေးအဖွဲ့အစည်း(IMF)ရဲ့ ဒေတာအရ အိန္ဒိယရဲ့ ၂၀၂၅ ခုနှစ် GDP ဟာ ဂျပန်ရဲ့ ခန့်မှန်း GDP အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၈၆ ဘီလီယံထက် ပမာဏပိုများနိုင်ပြီး ဒီနှုန်းအတိုင်း ဆက်သွားနိုင်ရင် နောင် ၂ နှစ်ခွဲ ၃ နှစ်အတွင်းမှာတင် အိန္ဒိယဟာ တတိယမြောက် စီးပွားရေး အင်အားအတောင့်တင်းဆုံးနိုင်ငံ ဖြစ်လာ မယ်လို့ ခန့်မှန်းနေကြပါတယ်။