အခုဧပြီလအတွင်း နိုင်ငံခြားငွေကြေးဈေးကွက်မှာ စက်သုံးဆီ လုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ သန်း ၁၁၀ ထုတ်ရောင်း ပေးထားတယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။ဧပြီလ ၇ ရက်မှာ စက်သုံးဆီ လုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ၊ ၁၆ ရက်မှာ အမေရိကန် ဒေါ်လာ ၅၅ သန်း နဲ့ ၂၂ ရက်မှာ အမေရိကန်ဒေါ်လာ ၂၅ သန်း ရောင်းချမယ်လို့ ထုတ်ပြန်ခဲ့တာပါ။

ဗဟိုဘဏ်အနေနဲ့ AD လိုင်စင်ရဘဏ်တွေ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တွေ ပါဝင်တဲ့ FX Market Online Trading Platform ကနေ ရောင်းချပေးနေတာ ဖြစ်ပါတယ်။လက်ရှိ FX Market Online Trading Platform မှာ နိုင်ငံခြားငွေ အရောင်းအဝယ် လုပ်နေတဲ့ ဈေးနှုန်းကတော့ အမေရိကန် တစ်ဒေါ်လာကို ၃၆၀၀ ကျပ် ဖြစ်ပါတယ်။ဗဟိုဘဏ်က ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ နိုင်ငံခြားငွေနဲ့ ပတ်သက်တဲ့ မူဝါဒတွေပြောင်းလဲပြီးနောက်ပိုင်း အခုလို နိုင်ငံခြားငွေတွေ ရောင်းချပေးနေတာဖြစ်ပါတယ်။ အခုအခါမှာ အရန် စက်သုံးဆီအနေနဲ့ ၂ ပတ်စာ သိုလှောင်ထားနိုင်ပြီး အရောင်းဆိုင်တွေမှာ စက်သုံးဆီပြတ် လတ်မှု မရှိစေဖို့အတွက် စီမံဆောင်ရွက်နေတယ်လို့ သိရပါတယ်။