မြန်မာနိုင်ငံအနေနဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး လတ်တလော အကောင်အထည် ဖော် ဆောင်ရွက်ရမယ့် အစီအမံ Action Plan ပါ အချက် ၁၅ ချက်စလုံး ပြီးမြောက်စေရေး ဝိုင်းဝန်းဆောင်ရွက်ကြဖို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောပါတယ်။

ဇွန် ၃ ရက်က ကျင်းပပြုလုပ်တဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ အစည်းအဝေးမှာ ဗဟိုအဖွဲ့ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က တိုက်တွန်းပြောကြားခဲ့တာပါ။မြန်မာနိုင်ငံကို ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့(FATF)က ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလကစပြီး တိုးတက်ဆောင်ရွက်မှုတွေကို စောင့်ကြည့်မယ့် နိုင်ငံနဲ့ဒေသတွေစာရင်းမှာ ထည့်သွင်းခဲ့တဲ့အတွက် မြန်မာနိုင်ငံ အနေနဲ့ လတ်တလော အကောင်အထည်ဖော် ဆောင်ရွက်ရမယ့် အစီအမံမှာပါတဲ့ အချက်တွေအပေါ် အလေး ထားပြီး အကောင်အထည်ဖော်ဆောင်ရွက်နေကာ တိုးတက်ဆောင်ရွက်မှု အစီရင်ခံစာ ပေးပို့တာနဲ့ မျက်နှာစုံညီ အစည်းအဝေးတွေကို ၄ လတစ်ကြိမ် ဆောင်ရွက်နေတယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောပါတယ်။

Action Plan ပါ အချက် ၁၅ ချက်အနက် အခုလက်ရှိ အချက် ၆ ချက်သာ ကျန်ရှိတော့တဲ့အတွင် ကျန်ရှိတဲ့ အချက် တွေကို ပြီးမြောက်စေရေး သက်ဆိုင်ရာ ဌာနအသီးသီးက ဝိုင်းဝန်းဆောင်ရွက်ကြဖို့ တိုက်တွန်းတယ်လို့ ဆိုပါတယ်။ဒါ့အပြင် ၂၀၂၉ ခုနှစ်မှာ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ တတိယ အကြိမ် နိုင်ငံအချင်းချင်း အကဲဖြတ်ခြင်း လုပ်ငန်းစဉ်ကို ဆောင်ရွက်ဖို့ ရှိတဲ့အတွက် ဆောင်ရွက်မယ့် လုပ်ငန်းစဉ် တွေအတွက် ကော်မတီတွေအနေနဲ့ ကြိုတင်စီမံထားကြဖို့ လိုအပ်တယ်လို့လည်း ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောကြားခဲ့ပါတယ်။