ငလျင်ဒဏ်သင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးအတွက် ချေးငွေကျပ်ဘီလီယံ ၇၀၀ ထုတ်ချေးပေးသွားမယ် လို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။မေ ၃၀ ရက်၊ မနက်ပိုင်းက နေပြည်တော် မင်္ဂလာသီရိဟိုတယ်မှာ ကျင်းပပြုလုပ်တဲ့ “ငလျင်ဘေးအလွန် မြန်မာ့ စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း” သုံးသပ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့ တာပါ။

ချေးငွေတွေ ထုတ်ချေးရာမှာလည်း အတိုးနှုန်းသက်သာစွာနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်လို့ရအောင် ဆောင်ရွက် ပေးစေလိုတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ဒါ့အပြင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေထဲမှာလည်း ကျပ် ၂၂၆ ဘီလီယံ ကျန်ရှိတဲ့အတွက် ဆီစက်တွေနဲ့ စက်ရုံ/ အလုပ်ရုံ တွေကို ထုတ်ချေးပေးချင်တယ်လို့ ဆိုပါတယ်။ တစ်ဖက်မှာလည်း စီးပွားရေးမြှင့်တင်ရေးဆောင်ရွက် နေချိန်မှာ ကုန်ဈေးနှုန်းတွေ ကျဆင်းရေးအတွက် ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။