အမေရိကန်နဲ့ အီရန်အကြား နျူကလီးယားသဘောတူညီချက် မကြာခင်မှာ ရရှိနိုင်မယ်ဆိုတဲ့ မျှော်မှန်းချက် ကြောင့် မေလ ၁၅ ရက်မှာ ကမ္ဘာ့ရေနံဈေးနှုန်းတွေ ကျဆင်းခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။နျူကလီးယား သဘောတူညီချက်ရရှိရင် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးနိုင်သလို ရေနံစိမ်းရောင်းလိုအား တိုးလာနိုင်တဲ့အတွက် ရေနံဈေးက အကျပိုင်းကို ရောက်ရှိခဲ့တာပါ။

ဘရန့်ရေနံစိမ်းဈေးနှုန်းဟာ မေလ ၁၅ ရက်မှာ တစ်စည်ကို အမေရိကန်ဒေါ်လာ ၆၄ ဒသမ ၅၃ ဒေါ်လာရှိပြီး ပြီးခဲ့တဲ့ရက်နဲ့ ယှဉ်ရင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၆ ဒေါ်လာ၊ ရာခိုင်နှုန်းအနေနဲ့ ၂ ဒသမ ၃၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ WTI ရေနံစိမ်းဈေးနှုန်းကတော့ တစ်စည်ကို ၆၁ ဒသမ ၆၂ ဒေါ်လာ ရှိပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၃ ဒေါ်လာကျဆင်းသလို ရာခိုင်နှုန်းအနေနဲ့ ၂ ဒသမ ၄၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နဲ့ နျူကလီးယားသဘောတူညီချက်ရရှိဖို့ နီးကပ်လာနေပြီး တီဟီရန် အနေနဲ့ စည်းကမ်းချက်တွေကို သဘောတူညီခဲ့တယ်လို့ မေလ ၁၅ ရက်က ပြောခဲ့တာပါ။အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီရဲ့ အကြံပေးက NBC နဲ့ အင်တာဗျူးတစ်ခုမှာ အီရန်အနေနဲ့ နျူကလီယားလက်နက်တွေ ဘယ်တော့မှ မပြုလုပ်ဖို့နဲ့ အလွန်ကြွယ်ဝတဲ့ ယူရေနီယံပါရှိတဲ့ မိမိတို့ရဲ့ သိုလှောင်ခန်းတွေကို ဖယ်ရှားပစ်ဖို့လည်း ကတိပြုခဲ့တယ်လို့ သိရပါတယ်။