ရုရှားစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ယုံကြည်စိတ်ချစွာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖိတ်ခေါ်လိုက်ပါတယ်။

မတ်လ၅ရက်က မော်စကိုမြို့၊ Radisson Collection Hotelမှာ ကျင်းပတဲ့ မြန်မာ-ရုရှား စီးပွားရေးဖိုရမ်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလိုပြောကြားလိုက်တာပါ။မြန်မာနိုင်ငံဟာ လူဦးရေ၅၁သန်းကျော်ပဲရှိပေမယ့် ပတ်ပတ်လည် အိမ်နီးချင်းနိုင်ငံတွေက လူဦးရေထူထပ်များပြားတဲ့ နိုင်ငံတွေဖြစ်တာကြောင့် ဒီနိုင်ငံတွေကို ရုရှားရဲ့ထုတ်ကုန်တွေ ဖြန့်ကျက်ပြီး ဈေးကွက်ရှာဖို့ စဉ်းစားနိုင်ရင် ပိုမိုကောင်းမွန်ပါလိမ့်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာရှိတဲ့ သဘာဝအခြေခံထုတ်ကုန်တွေကို တန်ဖိုးမြင့်ထုတ်ကုန်တွေအဖြစ် ထုတ်လုပ်တဲ့လုပ်ငန်းမှာလာရောက်ရင်းနှီးမြှုပ်နှံတာနဲ့ ရုရှားနည်းပညာနဲ့အသုံးပြုပြီးထုတ်လုပ်တဲ့လုပ်ငန်းတွေကို လာရောက်လုပ်ကိုင်မယ်ဆိုရင် မုချအောင်မြင်ပါလိမ့်မယ်လို့လည်း က ပြောပါတယ်။ရုရှားနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေအားလုံးကို ကြိုဆိုပြီး လိုအပ်ရင် မြန်မာနိုင်ငံမှာ ထပ်မံတွေ့ဆုံဆွေးနွေးနိုင်ပါတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။