မိုဘိုင်းငွေကြေးတွေကို လိမ်လည်မှုဆောင်ရွက်နေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို စိစစ်ဖော်ထုတ်နေပြီး ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ရေး အရှိန်မြှင့်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်က အသိပေးကြေညာထားပါတယ်။

ဗဟိုဘဏ်အနေနဲ့ မိုဘိုင်းငွေပေးချေ ဝန်ဆောင်မှုလုပ်ငန်းတွေ စနစ်တကျရှိစေရေးနဲ့ ဆုံးရှုံးနိုင်ခြေ ကာကွယ်နိုင် စေရေးတို့အတွက် ကြီးကြပ်ထိန်းကျောင်းနေပြီး အစိုးရက ဖွဲ့စည်းပေးထားတဲ့ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းများကြီးကြပ်မှုကော်မတီက စောင့်ကြည့်ထိန်းကျောင်းတာအပြင် လိမ်လည်မှုဖြစ်ပွားရင် လိမ်လည်ခံရသူ တွေက တိုင်ကြားနိုင်တဲ့ စံလုပ်ငန်းစဉ်(SOP)ကိုလည်း ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။သုံးစွဲသူရဲ့ မှားယွင်းမှုနဲ့ ဆောင်ရွက်ချက်တစ်စုံတစ်ရာကြောင့်မဟုတ်ဘဲ OTP နံပါတ်တွေ၊ Password တွေနဲ့ ကိုယ်ရေးအချက်အလက်တွေကို တခြားနည်းလမ်းနဲ့ရရှိတာကြောင့် ဖြစ်ပွားတဲ့ လိမ်လည်မှုဖြစ်စဉ်တွေ ဖြစ်ပေါ် လာရင် သုံးစွဲသူတွေ ဆုံးရှုံးမှု မရှိစေရေးအတွက် တာဝန်ရှိသူတွေအနေနဲ့ ပူးပေါင်းစိစစ်ဖော်ထုတ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မိုဘိုင်းငွေကြေးသုံးစွဲသူတွေအနေနဲ့ နည်းပညာအသုံးပြု လိမ်လည်မှုတွေကြောင့် ဆုံးရှုံးမှုမရှိစေရေး မြန်မာနိုင်ငံ တော်ဗဟိုဘဏ်က ခွင့်ပြုထားတဲ့ မိုဘိုင်းငွေကြေးလုပ်ငန်းတွေကိုသာ အသုံးပြုကြဖို့၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာနက အသိမှတ်ပြုမှတ်ပုံတင်ထားတဲ့ SIM Card တွေကိုသာ အသုံးပြုကြဖို့၊ ကိုယ်ရေးအချက်အလက် တွေကို လုံခြုံစွာသိမ်းဆည်းထားဖို့၊ OTP Code နဲ့ Password တွေကို မျှဝေခြင်း မပြုဖို့၊ မသမာသူတွေက မိမိရဲ့ ကိုယ်ရေးအချက်အလက်တွေကို ရယူရန်ရည်ရွယ်ချက်နဲ့ စည်းရုံးတာ၊ Link တွေ ပေးပို့တာ၊ Mobile Application တွေကို Download ဆွဲခိုင်းတာ၊ ဝင်ရောက်ခိုင်းတာ၊ Access ပေးတာတွေ လုံးဝ(လုံးဝ) မပြုလုပ်ဖို့ နဲ့ လိမ်လည်မှု ဖြစ်ပွားရင် သက်ဆိုင်ရာဘဏ် ဒါမှမဟုတ် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ Call Centre ကို အမြန်ဆုံး ဆက်သွယ်ဆောင်ရွက်ဖို့ အသိပေးကြေညာထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ KBZ Pay အသုံးပြုတချို့ရဲ့ အကောင့်ထဲက ငွေကြေးတွေ လိမ်လည်ထုတ်ယူ လွှဲပြောင်းခံရမှုတချို့ ဖြစ်ပွားခဲ့ပြီး အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဗဟိုဘဏ်ရဲ့ ကြီးကြပ်လမ်းညွှန်မှုနဲ့ စုံစမ်းဖော်ထုတ်သွားမယ်လို့ KBZ Pay က ထုတ်ပြန်ထားပါတယ်။