ပို့ကုန်ရငွေစာရင်းရှင်းလင်းပြီးတဲ့ ကုမ္ပဏီ ၅၉ ခုနဲ့ အဲဒီကုမ္ပဏီတွေရဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေကို အမည်မည်းစာရင်းကနေ ပယ်ဖျက်လိုက်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်တင်ဘာ ၂၆ ရက်မှာကြေညာချက်ထုတ်ပြန်ပါတယ်။
၂၀၁၉ ခုနှစ်မှာ ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေပြန်လည်ဝင်ရောက်တာမရှိတဲ့ ကုမ္ပဏီ ၁၃၇ ခုကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၄၂-က အရ အရေးယူဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။

အဲဒီ ကုမ္ပဏီ ၁၃၇ ခုအနက် ကုမ္ပဏီ ၅၉ ခုဟာ ပို့ကုန်ရငွေအပြည့်အဝပြန်လည်ဝင်ရောက်ပြီးဖြစ်တဲ့အတွက် အဲဒီကုမ္ပဏီတွေနဲ့ဒါရိုက်တာအဖွဲ့ဝင်တွေကို အမည်မည်းစာရင်းကနေပယ်ဖျက်လိုက်တာလို့ ကြေညာချက်အရသိရပါတယ်။
ဒါ့အပြင် ပို့ကုန်ရငွေပြန်လည်ပေးသွင်းဖို့အတွက် ဖြေလျော့ပေးထားတဲ့ကာလဖြစ်တဲ့ အခုနှစ် ဩဂုတ် ၉ ရက် ကနေ နိုဝင်ဘာ ၃၀ ရက်အတွင်း ပို့ကုန်တင်ပို့သူတွေအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီ ၃ ရက်ကနေ ၂၀၂၄ ခုနှစ်ဩဂုတ် ၇ ရက်အထိ တင်ပို့ခဲ့တဲ့ ED တွေအတွက် မပျက်မကွက်ပြန်လည်ပေးသွင်းဖို့ကိုလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထပ်မံနှိုးဆော်ထားပါတယ်။