(၅၅)ကြိမ်မြောက်အောင်ဘာလေထီဖွင့်ပွဲမှာ ကျပ်သိန်း ၅၀၀ တစ်ဆု၊ ကျပ်သိန်း ၂၀၀ နှစ်ဆု၊ ကျပ်သိန်း ၁၀၀ တစ်ဆု အပါအဝင် ဆုမဲတစ်သောင်းကျော်ထုတ်ယူဖို့ကျန်ရှိနေတယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲကထုတ်ပြန်ထားပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှာ ဖွင့်လှစ်ခဲ့တဲ့ (၅၅)ကြိမ်မြောက် ကျပ် ၁၀၀၀ တန်အောင်ဘာလေသိန်းဆုဖွင့်ပွဲမှာ ဆုမဲပေါင်းတစ်သိန်း တစ်သောင်းကျော် ခွဲဝေချီးမြှင့်ခဲ့ရာ ဆုမဲပေါင်းတစ်သောင်းကျော်ကို လက်ရှိအချိန်ထိ တောင်းခံတာမရှိသေးဘူးလို့ဆိုပါတယ်။

လာရောက်ထုတ်ယူတာမရှိတဲ့ ဆုမဲတွေထဲမှာတော့ ကျပ်သိန်း ၅၀၀ တစ်ဆု၊ ကျပ်သိန်း ၂၀၀ နှစ်ဆု၊ ကျပ်သိန်း ၁၀၀ တစ်ဆု၊ ကျပ်သိန်း ၅၀ ခြောက်ဆု၊ ကျပ်သိန်း ၂၀ သုံးဆုအပါအဝင် ဆုမဲပေါင်းတစ်သောင်းတစ်ထောင်ကျော်ဖြစ်တယ်လို့ထုတ်ပြန်ချက်အရသိရပါတယ်။
အဲဒီဆုရလက်မှတ်တွေကို ရန်ကုန်နဲ့မန္တလေးမှာရှိတဲ့ အောင်ဘာလေသိန်းဆုဌာနခွဲရုံးတွေမှာ လာမယ့်စက်တင်ဘာ ၃၀ ရက်အထိ လာရောက်တင်ပြထုတ်ယူတာမရှိရင် အခွန်ဘဏ္ဍာအဖြစ် သိမ်းယူသွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။