ထိုင်းဘဏ်အချို့ဟာ မြန်မာနိုင်ငံဘဏ်တွေနဲ့ လက်ရှိငွေကြေးလွှဲပြောင်းမှုတွေကို ပုံမှန်အတိုင်းဆက်လက်ဆောင်ရွက်ပေးနေတယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်တင်ဘာ ၁ ရက်ကထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံ K Bank နဲ့ SCB Myanmar အပါအဝင်ဘဏ်အချို့ဟာ မြန်မာဘဏ်တွေနဲ့ ငွေကြေးလွှဲပြောင်းမှုတွေဆောင်ရွက် ပေးမှုကို ဩဂုတ်လကုန်မှာရပ်ဆိုင်းမယ်ဆိုတဲ့သတင်းထွက်ပေါ်နေတဲ့အပေါ် သတင်းအမှားဖြစ်တယ်လို့ဆိုပါတယ်။ ထိုင်းနိုင်ငံ K Bank နဲ့ SCB Myanmar တို့ရဲ့ ပြန်ကြားချက်တွေအရ ဘဏ်နဲ့ဆက်သွယ်ဆောင်ရွက်သူတွေအပေါ် စိစစ်တာသာဖြစ်ပြီးငွေပေးချေမှုဆောင်ရွက်ချက်တွေနဲ့ လုပ်ငန်းတွေအားလုံး ပုံမှန်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်အရသိရပါတယ်။

ထိုင်းနိုင်ငံဘဏ်တွေအနေနဲ့ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့အညီ ငွေကြေးဝန်ဆောင်မှုတွေကိုဆောင်ရွက်နေပြီး သံသယဖြစ်ဖွယ်လုပ်ငန်းဆောင်ရွက်ချက်တွေနဲ့ တရားမဝင်ဆောင်ရွက်ချက်တွေရှိမှသာ သက်ဆိုင်ရာအာဏာပိုင်တွေရဲ့ ညွှန်ကြားချက်နဲ့အညီ ဘဏ်စာရင်းပိတ်သိမ်းတာကို ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံက ကုန်သွယ်မှုလုပ်ငန်းတွေဟာ တရားဝင်ကုန်သွယ်မှုတွေ ဆောင်ရွက်တာဖြစ်တဲ့အတွက် သံသယဖြစ်ဖွယ် ဆောင်ရွက်ချက်တွေမရှိတာကြောင့် ပုံမှန်ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေ ဆက်လက်ပေးမှာဖြစ်တယ်လို့လည်းထုတ်ပြန်ထားပါတယ်။