တရုတ်ကုန်သည်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းတွေ လာရောက်ရင်းနှီးမြုပ်နှံနိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းက ပြောပါတယ်။မတ်လ(၁)ရက် ညနေပိုင်းက ရန်ကုန်မြို့ရှိ Lotte Hotel မှာကျင်းပတဲ့ မြန်မာ-တရုတ် ပင်လယ်ရပ်ခြား စီးပွားရေးလုပ်ငန်းများအဖွဲ့ချုပ်ရဲ့(၁၀)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမှာ အခုလိုပြောကြားလိုက်တာပါ။

အစိုးရအနေနဲ့လည်းနိုင်ငံအတွင်းမှာလျှပ်စစ်မီးရရှိရေးအတွက် အားပေးဆောင်ရွက်နေတာဖြစ်တာကြောင့်လျှပ်စစ်မီးရရှိရေးအတွက်ရင်းနှီးမြုပ်နှံမှုတွေကိုကြိုဆိုပြီး လက်တွေ့ဆန်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ကြဖို့တရုတ်ကုန်သည်တွေကို တိုက်တွန်းပြောကြားပါတယ်။အခမ်းအနားမှာ မြန်မာ-တရုတ်ပြည်ပစီးပွားရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌယူကျန်းရှန်းနဲ့ မြန်မာ-တရုတ်ကုန်သည်များအသင်းချုပ်ဥက္ကဋ္ဌ ဦးအိုင်ထွန်းတို့ကလည်း အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းကမြန်မာတရုတ်ကုန်သည်များအသင်းချုပ်ဦးအိုင်ထွန်းကိုဂုဏ်ပြုဆုတံဆိပ်ပေးအပ်ချီးမြှင့်ပါတယ်။

မြန်မာ-တရုတ် ပင်လယ်ရပ်ခြား စီးပွားရေးလုပ်ငန်းများအဖွဲ့ချုပ်ကို (၂၀၁၅)ခုနှစ်ကစပြီး မြန်မာနိုင်ငံ တရုတ်ပြည်ပစီးပွားလုပ်ငန်းရှင်အသင်းအဖွဲ့(၁၀၀)နဲ့ စတင်တည်ထောင်ခဲ့တာပါ။မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကြားမှာ စီးပွားရေးကူးသန်းရောင်းဝယ်ဖို့ တိုးတက်မြင့်မားအောင်ဆောင်ရွက်ဖို့နဲ့ နှစ်နိုင်ငံကြား ချစ်ကြည်ရေး၊ကုန်သွယ်ရေး၊ ကူးသန်းဆက်သွယ်ရေး လုပ်ငန်းတွေအဓွန်ရှည်တည်တံ့ခိုင်မာရေးအတွက် တည်ထောင်ထားတဲ့အဖွဲ့ချုပ်ဖြစ်တယ်လို့သိရပါတယ်။