အခုလကစပြီး ပြည်ပနိုင်ငံတွေကိုစေလွှတ်ထားတဲ့ မြန်မာအလုပ်သမားတွေရဲ့ မိသားစုဆီလွှဲပို့တဲ့ လစာငွေစာရင်း မတင်ပြနိုင်တဲ့ အေဂျင်စီတွေကို စေလွှတ်ရေးလုပ်ငန်းစဥ်တွေ ယာယီဆိုင်ငံ့သွားမှာဖြစ်တယ်လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ကနေသိရပါတယ်။
အေဂျင်စီတွေအနေနဲ့ မိမိစေလွှတ်တဲ့ အလုပ်သမားတစ်ယောက်ချင်းစီရဲ့ မိသားစုလွှဲပို့ငွေပေးပို့ထားမှု အခြေအနေတွေကို အသေးစိတ်ပြုစုတင်ပြရမယ်လို့ အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားထားတာဖြစ်တယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေရဲ့ မိသားစုလွှဲပို့ငွေလွှဲပို့ထားမှု အခြေအနေတွေကို သက်ဆိုင်ရာဝန်ကြီးဌာနကို အသေးစိတ်ပြုစုတင်ပြဖို့ ဆောင်ရွက်နေတယ်လို့လည်း မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်က ဒုတိယဥက္ကဋ္ဌ ဦးကျော်ထင်ကျော်ကပြောပါတယ်၊၊
သက်ဆိုင်ရာအေဂျင်စီတွေအနေနဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကနေ အခုနှစ် ဧပြီလအထိ စေလွှတ်ထားတဲ့အလုပ်သမားတွေက မိသားစုလွှဲပို့ငွေစာရင်းကိုပြုစုပြီး Microsoft Excel Soft Copy ကို ငွေလွှဲပေးပို့တဲ့ အထောက်အထားတွေနဲ့အတူပူးတွဲကာ ဇွန်လကစပြီး လစဥ် လဆန်း ၅ ရက်ထက်နောက်မကျဘဲပေးပို့သွားဖို့ ဝန်ကြီးဌာနက အကြောင်းကြားထားပြီးဖြစ်တယ်လို့သိရပါတယ်၊၊
ဒါ့အပြင် မိသားစုလွှဲပို့ငွေစာရင်းတွေကို အချိန်မီတင်ပြတာမရှိတဲ့ အေဂျင်စီတွေကို စေလွှတ်ရေးလုပ်ငန်းစဥ်တွေ ယာယီဆိုင်းငံ့သွားမှာဖြစ်သလို ဒဏ်ကြေးငွေတွေကိုလည်း ကောက်ခံသွားမှာဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်၊၊