တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လျှပ်စစ်မော်တော်ယာဉ်ဓာတ်အားဖြည့်သွင်းရုံ (EV Charging Station) အခု ၂၀ ဖွင့်လှစ်ပြီး ဖြစ်တယ်လို့ လျှပ်စစ်သုံးယာဉ်များပြေးဆွဲ၊ အသုံးပြုရေးနှင့်အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းဖေကပြောပါတယ်။
စက်တင်ဘာ ၈ ရက်က မန္တလေးမြို့ ၃၅ လမ်းနဲ့ ကမ်းနားလမ်းထောင့်(ဂေါဝိန်ဆိပ်)ရှိ YarZar Min Industry ကုမ္ပဏီလီမိတက်ကတည်ဆောက်ပြီးစီးတဲ့ လျှပ်စစ်မော်တော်ယာဉ်နဲ့ ဓာတ်အားဖြည့်သွင်းရုံ (EV Charging Station)ဖွင့်ပွဲအခမ်းအနားမှာပြောကြားခဲ့တာပါ။
နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တွေနဲ့ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တို့မှာ လျှပ်စစ်မော်တော်ယာဉ်ဓာတ်အားဖြည့်သွင်းရုံ ၃၁ ခုကို ရှေ့ပြေးစီမံကိန်းအနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ဒုတိယဝန်ကြီး ဦးဝင်းဖေကပြောပါတယ်။
မန္တလေးမြို့မှာ EV Charging Station တွေ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် မန္တလေးမြို့နဲ့အနီးတစ်ဝိုက်ရှိ မြို့တွေမှာလည်း လျှပ်စစ်ကားတွေ အသုံးပြုသွားလာနိုင်တော့မှာဖြစ်တယ်လို့ဆိုပါတယ်။ လက်ရှိ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့ကြီးတွေရှိ EV Charging Station တွေမှာ ကားလေး ၁၀ စီး တစ်ပြိုင်နက်အားသွင်းနိုင်ပြီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရှိ EV Charging Station တွေမှာတော့ ကားလေး ၁၀ စီး နဲ့ ဘတ်စကားလေးစီး တစ်ပြိုင်နက်အားသွင်းနိုင်ပြီဖြစ်တယ်လို့လည်းသိရပါတယ်။