လျှပ်စစ်သုံးယာဉ် စွန့်ပစ်ဘက်ထရီတွေနဲ့ အခြားစွန့်ပစ်ပစ္စည်းတွေကို တင်သွင်းတာမပြုလုပ်ဖို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်ထားပါတယ်။
စွန့်ပစ်ဘက်ထရီတွေနဲ့ အခြားစွန့်ပစ်ပစ္စည်းတွေကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေဖို့နဲ့ သက်ရှိသတ္တဝါတို့ရဲ့ ကျန်းမာ ရေးအပေါ် ဆိုးကျိုးသက်ရောက်မှုတွေမရှိစေဖို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၄၂ ၊ ပုဒ်မခွဲ(ခ)အရ အခုလို ညွှန်ကြားချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
လျှပ်စစ်သုံးယာဉ် စွန့်ပစ်ဘက်ထရီတွေဆိုတာဟာ လျှပ်စစ်ယာဉ်အသုံးပြုသူ၊ ဘက်ထရီရောင်းဝယ်သူ၊ ထုတ်လုပ်ရောင်းချသူတွေက ဘက်ထရီတစ်ခုလုံး ဒါမှမဟုတ် ဘက်ထရီအစိတ်အပိုင်းတွေကိုသက်တမ်းလွန်တာ၊ နည်းပညာချို့ယွင်းတာ၊ အရည်းအသွေးမပြည့်မီတာ၊ ပြန်လည်ပြုပြင်သုံးစွဲလို့မရတာတို့ကြောင့် စွန့်ပစ်ဘက်ထရီတွေကို ဆိုလိုကြောင်းဖော်ပြထားပါတယ်။

အခြားစွန့်ပစ်ပစ္စည်းကတော့ သတ္တု ဒါမှမဟုတ် ပလတ်စတစ်နဲ့ပြုလုပ်ထားတဲ့ ယာဉ်ကိုယ်ထည်ရဲ့ အစိတ်အပိုင်းတွေ၊ တာယာတွေ၊ အအေးခံဆေးရည်နဲ့ ဘရိတ်ဆီတွေ၊ လေအိတ်တွေ၊ ပြန်လည်ပြုပြင်သုံးစွဲနိုင်တဲ့ စွန့်ပစ်အီလက်ထရောနစ်အစိတ်အပိုင်းတွေ၊ လျှပ်စစ်သုံးယာဉ်မှာ တပ်ဆင်အသုံးပြုထားတဲ့ မှန်ချပ်အမျိုးမျိုး၊ ဒက်ရှ်ဘုတ်အပါအဝင် ယာဉ်အတွင်းပိုင်းမှာတပ်ဆင်ထားတဲ့ ပလတ်စတစ်အစိတ်အပိုင်းတွေနဲ့ ထိုင်ခုံတွေကိုဆိုလိုတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ဘယ်သူမှ လျှပ်စစ်သုံးယာဉ် စွန့်ပစ်ဘက်ထရီတွေနဲ့ လျှပ်စစ်သုံးယာဉ်ဆိုင်ရာ အခြားစွန့်ပစ်ပစ္စည်းတွေကိုတင်သွင်းတာမပြုလုပ်ဖို့ ထုတ်ပြန်ထားပြီး အခုတားမြစ်ချက်တစ်ရပ်ရပ်ကိုပျက်ကွက်သူဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေပုဒ်မ ၃၂ အရ အရေးယူခံရမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။