မကွေးတိုင်းအတွင်းရှိ ကျေးရွာတွေမှာ စိုက်ပျိုးရေးနဲ့အတူ CP ကြက်တွေကို ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး မွေးမြူ လာကြတယ်လို့ မကွေးမြို့နယ်က ကြက်မွေးမြူရေးလုပ်ကိုင်သူတွေက ပြောပါတယ်။

အရင်ကတစ်နိုင်တစ်ပိုင် CP ကြက်မွေးမြူရေးကို လုပ်ကိုင်ခဲ့ကြပေမဲ့ ရောဂါကျရောက်မှု၊ စျေးကွက်အပြောင်းအလဲ နဲ့ ကြက်စာစျေးမြင့်တက်မှု အခက်အခဲတွေကြောင့် အရှုံးပေါ်တာများလို့ အခုလို ကုမ္ပဏီတွေနဲ့ ချိတ်ဆက် မွေးမြူ ကြတာဖြစ်တယ်လို့ ဆိုပါတယ်။ကုမ္ပဏီနဲ့ချိတ်ဆက်မွေးမြူရာမှာ ကြက်ခြံငှားခ၊ အလုပ်သမားခ စတဲ့ ဝင်ငွေ ရရှိကြပြီး ကြက်တစ်သုတ်ကို ၄၅ ရက်ဝန်းကျင် မွေးမြူရကာ တစ်နှစ်ကို ၅ သုတ်ခွဲလောက် မွေးရတယ်လို့ သိရပါတယ်။

ကုမ္ပဏီနဲ့ချိတ်ဆက်မွေးမြူရာမှာ အဆင်ပြေမှုရှိပြီး ကြက်တစ်သုတ်မွေးမယ်ဆိုရင် ကျပ်သိန်း ၃၀ကျော်ကနေ သိန်း ၅၀ လောက်အထိ ဝင်ငွေရရှိကာ အဆင်ပြေတယ်လို့ မကွေးမြို့နယ်၊ ကံသာလေးကျေးရွာမှ ကြက်ခြံပိုင်ရှင် ဦးပန်းဆိုင်က ပြောပါတယ်။ CP ကြက်မွေးမြူသူတွေအနေနဲ့ ပူပြင်းတဲ့နွေရာသီမှာ အပူဒဏ်ကြောင့် ကြက်အသေအပျောက်များပြီး အခုလို ဆောင်းရာသီမှာတော့ ကြက်ပေါက်တွေကို အနွေးဓာတ်ရဖို့ လုပ်ဆောင်ပေးရတာ ရှိတယ်လို့ ဆိုပါတယ်။လက်ရှိမှာတော့ မကွေးမြို့နယ်အတွင်းမှာ CP ကြက်မွေးမြူရေးလုပ်ကိုင်သူ ၁၅ ယောက်လောက်ရှိတယ်လို့ သိရပါတယ်။