YBS ကားတွေပေါ်မှာ ခရီးသွားပြည်သူတွေ ခါးပိုက်နှိုက်မခံရစေဖို့ သက်ဆိုင်ရာနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီက သိရပါတယ်။

အဲဒီလိုပူးပေါင်းဆောင်ရွက်ရာမှာ ဇန်နဝါရီ(၁၄)ရက်ကနေ (၃၁)ရက်အထိ YBS ကားတွေပေါ်က ခါးပိုက်နှိုက် တရားခံ အယောက်(၁၂၀)ကို ဖမ်းဆီးရမိခဲ့ပြီး သက်သေခံကားတစ်စီး၊ ဖုန်း(၂၈၂)လုံးနဲ့ အိတ်(၁၁)လုံး၊ ငွေကျပ် (၁၀)သိန်းတို့ကို သက်သေခံအဖြစ် သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ဇန်နဝါရီလ(၁)ရက်နေ့က ဗိုလ်ချုပ်ဈေးသစ်ရှေ့မှာ တာဝန်ချထားတဲ့ YRTC က စစ်ဆေးရေးဝန်ထမ်း (၂)ယောက် ကို ခါးပိုက်နှိုက်အဖွဲ့က အလုပ်လုပ်လို့ မရတာကြောင့် ဓါးနဲ့ထိုးသတ်မယ်ဆိုပြီး ခြိမ်းခြောက်မှုဖြစ်ခဲ့ရာ အဲဒီခြိမ်း ခြောက်မှုကြောင့် တာဝန်ရှိတဲ့သူတွေက လိုက်လံဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ခရီးသွားပြည်သူတွေအနေနဲ့ YBS ကားပေါ်မှာ ခါးပိုက်နှိုက် မခံရစေဖို့အတွက် အဆင်းကို သတိထားရမှာဖြစ်ပြီး ခါးပိုက်နှိုက်ခံရလို့ တိုင်ကြားလာရင် အရေးယူပေးတာတွေ ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင် ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောပါတယ်။ ရန်ကုန်မြို့မှာဆိုရင် YBS ယာဉ်လိုင်း ၁၃၂ လိုင်းကနေ တစ်ရက်ကို ယာဉ်စီးရေ(၃၇၀၀)နီးပါး ပြေးဆွဲပေးနေပြီး ခရီးသည် (၁)သန်းခွဲကျော်စီးနင်းခဲ့တယ်လို့ YRTC ရဲ့ ဖေဖော်ဝါရီလ(၉)ရက်နေ့ ထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။