ပြည်တွင်းမှာထုတ်လုပ်မဲ့ လောင်စာဆီသုံးယာဉ်တွေ၊ Semi-Knocked Down – SKD စနစ်နဲ့ Completely Knocked Down – CKD စနစ်တွေနဲ့ တင်သွင်းတာအတွက် အကောက်ခွန်နှုန်းထားတွေကို ဖြေလျှော့ ခွင့်ပြုလိုက် တယ်လို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။စီးပွားရေးပြန်လည်ကောင်းမွန်လာစေဖို့၊ ပြည်တွင်းအသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို အထောက်အကူပြုစေဖို့အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ခွင့်ပြုချက်နဲ့ ဖြေလျှော့ခွင့်ပြုလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

SKD စနစ်နဲ့ တင်သွင်းမယ့် ၂၀၀၀ စီစီနဲ့အောက် လူစီးမော်တော်ယာဉ်၊ ၂၀၀၁ စီစီနဲ့အထက် လူစီးမော်တော်ယာဉ် တွေအတွက် အကောက်ခွန်နှုန်းထားကို ၅ ရာခိုင်နှုန်း၊ CKD စနစ်နဲ့တင်သွင်းမယ့် ၂၀၀၀ စီစီနဲ့အောက် လူစီး မော်တော်ယာဉ်၊ ၂၀၀၁ စီစီနဲ့အထက် လူစီးမော်တော်ယာဉ်တွေအတွက် အကောက်ခွန်နှုန်းထားကို ၃ ရာခိုင်နှုန်း အထိ ဖြေလျှော့ပေးလိုက်တာ ဖြစ်ပါတယ်။SKD စနစ် ၊ CKD စနစ်တွေနဲ့တင်သွင်းမယ့် ကုန်တင်သုံးဘီးမော်တော်ဆိုင်ကယ်တွေ၊ ဘတ်စကားတွေ၊ ကုန်တင် ယာဉ်တွေနဲ့ ပြည်တွင်းမှာ ကိုယ်ထည်တပ်ဆင်မဲ့ ကုန်တင်ယာဉ်တွေအတွက် အကောက်ခွန်နှုန်းထားကိုလည်း ၃ ရာခိုင်နှုန်းအထိ ဖြေလျှော့ထားပါတယ်။

အလားတူ SKD စနစ်နဲ့ တင်သွင်းမယ့် လူစီးသုံးဘီးမော်တော်ဆိုင်ကယ်တွေအတွက် ၃ ရာခိုင်နှုန်း၊ CKD စနစ်နဲ့ တင်သွင်းမဲ့ လူစီးသုံးဘီးမော်တော်ဆိုင်အတွက် ၁ ဒသမ ၅ ရာခိုင်နှုန်းအထိ ဖြေလျှော့ထားတယ်လို့ သိရပါတယ်။ဒါ့အပြင် SKD စနစ်၊ CKD စနစ်နဲ့ တင်သွင်းလာမယ့် မော်တော်ဆိုင်ကယ်တွေအတွက် အကောက်ခွန်နှုန်းထားကို ၁ ဒသမ ၅ ရာခိုင်နှုန်းအထိ ဖြေလျှော့ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ ပြည်ပမှာ အလုံးစုံတပ်ဆင်ထုတ်လုပ်တဲ့ ကား အသစ်တွေ တင်သွင်းမှုအတွက်ကတော့ အခွန်နှုန်းထားဖြေလျှော့ပေးတာ မရှိသေးပါဘူး။