Tesla ကုမ္ပဏီ CEO ဖြစ်သူ အီလွန်မက်စ်ခ်ရဲ့ နိုင်ငံရေးအမြင်ကို ဥရောပသမဂ္ဂနိုင်ငံတွေက ဆန့်ကျင်ဆန္ဒပြတာ တွေ ရှိခဲ့ပြီးနောက် ဥရောပမှာ Tesla ရောင်းအားကျဆင်းနေတယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ဥရောပတစ်ဝန်းမှာ Tesla ကားတွေ ရောင်းအားကျဆင်းနေတာ လေးလဆက်တိုက် ရှိပြီဖြစ်ပါတယ်။

ပထမ သုံးလပတ်ကာလအတွင်း ဥရောပမှာ Tesla ကားတွေရောင်းအားက ဆွီဒင်မှာ ၈၀ ဒသမ ၇ ရာခိုင်နှုန်း၊ နယ်သာ လန်မှာ ၇၃ ဒသမ ၈ ရာခိုင်နှုန်း၊ ပေါ်တူဂီမှာ ၃၃ ရာခိုင်နှုန်း၊ ဒိန်းမတ်မှာ ၆၇ ဒသမ ၂ ရာခိုင်နှုန်းနဲ့ ပြင်သစ်မှာ ၅၉ ဒသမ ၄ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့တယ်လို့ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ဒီဒေတာတွေအရဆို Model Y ကို မိတ်ဆက်တာက ဥရောပနိုင်ငံတွေမှာ စီးပွားရေးကျဆင်းနေတဲ့ အခြေအနေ ကနေTesla ပြန်လည် ရုန်းထွက်နိုင်ပါ့မလားဆိုတာ သံသယရှိစရာ ဖြစ်နေပါတယ်။ ထုတ်လုပ်တဲ့အချိန် ပြီးသွားတဲ့ အခါမှာတော့ သူ့ရဲ့ရောင်းအားက တခြားလျှပ်စစ်ကားတွေလို တိုးတက်လာနိုင်ချေရှိပေမယ့် လစဉ်ရောင်းအား ကျဆင်းနေမှုကတော့ Tesla ကုမ္ပဏီရဲ့တစ်နှစ်တာခန့်မှန်းချက်ကို ခြိမ်းခြောက်နေတယ်လို့ Rho Motion ကုမ္ပဏီ ရဲ့ မော်တော်ကားသုတေသနဌာနမှူး ဝီလ်ရော့ဘတ်က ဆိုပါတယ်။

Tesla ဟာ နော်ဝေ၊ဆွီဒင်၊ဂျာမနီ၊ဗြိတိန်နဲ့ ပြင်သစ်တွေမှာ လက်ရှိကားမော်ဒယ်တွေအတွက် ကားချေးငွေလျှော့ ဈေးနဲ့ တခြားငွေကြေးဆိုင်ရာ မက်လုံးတွေပေးနေပြီး ရောင်းအားမြှင့်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ Tesla ဟာ ဈေးကွက်မှာ ရှိပြီးသား လျှပ်စစ်ကားကုမ္ပဏီတွေအပြင် တရုတ်ကနေ ဈေးချိုချိုနဲ့အသစ်ဝင်လာတဲ့ လျှပ်စစ်ကား တွေရဲ့ ပြိုင်ဆိုင်မှုကိုလည်း ရင်ဆိုင်နေရတာဖြစ်ပါတယ်။