ဗီယက်နမ်ကားကုမ္ပဏီ VinFast ဟာ အာရှဈေးကွက်ကို အဓိကထားပြီး အိန္ဒိယနဲ့အင်ဒိုနီးရှားမှာ စက်ရုံတွေ ဖွင့်လှစ်ဖို့ ပြင်ဆင်နေကြောင်း VN express သတင်းမှာ ရေးသားထားပါတယ်။

VinFast ဟာ နိုင်ငံခြားဈေးကွက်အတွက် မူလက အမေရိကမှာ အဓိကထား ရောင်းချဖို့ ရည်ရွယ်ခဲ့ပေမယ့် တိုးတက်မှု သိပ်မရှိခဲ့တာကြောင့် အမေရိကန်ရဲ့ ကုန်သွယ်ခွန် ကိစ္စ မပေါ်ပေါက်ခင်ကတည်းက ကုမ္ပဏီရဲ့ နည်းဗျူဟာကို ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။သယ်ယူပို့ဆောင်စရိတ် မြင့်မားတာကြောင့် လတ်တလောမှာ အမေရိက၊ ကနေဒါနဲ့ ဥရောပဘက်မှာ အရောင်းမြှင့် တင်ဖို့ အစီအစဉ်မရှိသေးဘဲ အင်ဒိုနီရှား၊အိန္ဒိယနဲ့ ဖိလစ်ပိုင်ဈေးကွက်ကိုပဲ အဓိကထား အာရုံစိုက်သွားမယ်လို့ ကုမ္ပဏီတာဝန်ရှိသူတစ်ယောက်က ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့နှစ်က VinFast ကုမ္ပဏီနဲ့ အိန္ဒိယတောင်ပိုင်းပြည်နယ် တမီနာဒူလ်တို့အကြား အမေရိကန်ဒေါ်လာ ၂ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံရန် သဘောတူညီချက် ရှိခဲ့ပါတယ်။ စီမံကိန်းရဲ့ပထမငါးနှစ်မှာ ဒေါ်လာ သန်း ၅၀၀ ရင်းနှီးသွားမှာဖြစ်ပြီး စက်ရုံကနေ တစ်နှစ်ကို ကားအစီးရေ တစ်သိန်းခွဲအထိ ထုတ်နိုင်ဖို့လည်း မျှော်မှန်းထား ပါတယ်။