ဗီယက်နမ်အခြေစိုက် EV ကားကုမ္ပဏီ VinFast ဟာ အင်ဒိုနီးရှားမှာ VF 6 လျှပ်စစ်ကားကို တရားဝင် စတင်မိတ်ဆက်လာကြောင်း MediaOutReach သတင်းမှာ ဖော်ပြထားပါတယ်။အဲဒီ VF 6 ဟာ B-segment လျှပ်စစ် SUV အမျိုးအစားဖြစ်ပါတယ်။ Eco နဲ့ Plus ဆိုတဲ့ ဗားရှင်းနှစ်မျိုး ရရှိပြီး ဈေးနှုန်းကတော့ အင်ဒိုနီးရှားယူပီးယား သိန်း ၃၈၀ ကျော်နဲ့ သိန်း ၄၃၀ ဝန်းကျင်ဖြစ်ကာ ၂၀၂၅ ဇွန်လမှာ စတင်ပို့ဆောင်ဖို့ ခန့်မှန်းထားပါတယ်။

VF 6 လျှပ်စစ်ကားကို၂၀၂၅ ခုနှစ် ဇွန်လမတိုင်ခင် ဝယ်ယူသူတွေအတွက် အင်ဒိုနီးရှားယူပီးယား သိန်း ၂၀၀ ပြန်အမ်းမယ့်အပြင် လက်ဆောင်ပစ္စည်းတွေနဲ့ အခမဲ့အားသွင်းခွင့်တွေလည်း ပါရှိမှာဖြစ်တယ်လို့ သိရပါတယ်။ VF 6 Eco အမျိုးအစားက တစ်ခါအားသွင်းပြီးရင် ၄၈၀ ကီလိုမီတာအထိ မောင်းနိုင်ပြီး VF 6 Plus ကတော့ စွမ်းဆောင်ရည်ပိုကောင်းကာ တစ်ခါအားသွင်းပြီးရင် ၄၆၀ ကီလိုမီတာအထိ မောင်းနိုင်ပါ တယ်။အပြင်ပိုင်းဒီဇိုင်းက နာမည်ကျော် Torino Design studio ရဲ့ The Duality in Nature ဒီဇိုင်းကို ပုံဖော် ထားတာဖြစ်ပြီး ကားအတွင်းပိုင်းမှာလည်း သုံးစွဲသူတွေအတွက် သက်သောင့်သက်သာနဲ့ စိတ်တိုင်းကျ မောင်းနှင်နိုင်အောင် တပ်ဆင်ပေးထားပါတယ်။

လုံခြုံရေးပိုင်းအနေနဲ့ (ADAS)စနစ်နဲ့ လုပ်ဆောင်ချက်များစွာပါဝင်ပြီး IP67 ဗို့အားမြင့်အစိတ်အပိုင်းတွေနဲ့ လုံခြုံစိတ်ချရတဲ့ကိုယ်ထည်ဒီဇိုင်းလည်း ဖန်တီးပေးထားပါတယ်။ ရောင်းချပြီးတဲ့အခါမှာလည်း ၇ နှစ် ဖြစ်စေ၊ ကီလိုမီတာ ၁၆၀၀၀၀ ဖြစ်စေ ကားအာမခံ ရရှိမှာဖြစ်ပြီး ၈ နှစ် အကန့်အသတ်မရှိ ဘက်ထရီ အာမခံပေးတဲ့ ဝန်ဆောင်မှုတွေ ပါရှိမှာ ဖြစ်ပါတယ်။VinFast ဟာ အင်ဒိုနီးရှားဈေးကွက်ထဲ ဝင်ရောက်တာ တစ်နှစ်ပဲရှိသေးပေမယ့် စီးပွားဖက်တွေ၊ ဘဏ် တွေနဲ့ပူးပေါင်းပြီး လျှပ်စစ်ကားမော်ဒယ် ၄ ခုကို မိတ်ဆက်ကာ အရောင်းပိုင်းနဲ့ ဝန်ဆောင်မှုကွန်ရက်တွေ ချဲ့ထွင်နေပါတယ်။