ရှမ်းပြည်နယ်(တောင်ပိုင်း)ကနေ စိုက်ပျိုးထွက်ရှိတဲ့ပန်းတွေကို ဈေးကွက်ဝယ်လိုအားမြင့်တဲ့ ရန်ကုန် ဈေးကွက်ကို တင်ပို့ရာမှာ သယ်ယူပို့ဆောင်မှုခတွေက အရင်ထက် နှစ်ဆလောက် မြင့်တက်လာတဲ့ အတွက် အခက်အခဲတွေ ကြုံတွေ့လာရတယ်လို့ ပန်းစိုက်တောင်သူတွေဆီက သိရပါတယ်။အရင်က ပန်းပွင့် ၈၀၀ ဝန်းကျင်ပါ ပန်းတစ်ပုံးကို သယ်ယူပို့ဆောင်ခက ကျပ် ၇၀၀၀ ဝန်းကျင်သာ ရှိရာကနေ လက်ရှိမှာတော့ တစ်ပုံးကို ကျပ် ၁၀၀၀၀ ကျော်လောက်အထိ ရှိလာတယ်လို့ သိရပါတယ်။

လတ်တလော ရန်ကုန်ဈေးကွက်မှာ ပန်းဈေးတွေ ကြီးမြင့်နေပေမဲ့ ကုန်သည်တွေသာ အကျိုးအမြတ် ရှိပြီး ပန်းစိုက်တောင်သူတွေအတွက်ကတော့ အကျိုးအမြတ် သိပ်မရှိဘဲ ဖြစ်နေတယ်လို့ ရှမ်းပြည်နယ် (တောင်ပိုင်း)ညောင်ရွှေမြို့က ပန်းစိုက်တောင်သူတစ်ဦးက ပြောပါတယ်။ပန်းစိုက်တောင်သူတွေအနေနဲ့ ပန်းတွေတင်ပို့ရာမှာ ပန်းဖိုးကို လက်ငင်းရှင်းတာမျိုးမဟုတ်ဘဲ ခေါက်ပြန် ရှင်း စနစ်နဲ့ ရောင်းချရတာဖြစ်တယ်လို့ သိရပါတယ်။လက်ရှိမှာ ပန်းစိုက်ခင်းတွေအတွက် အသုံးပြုနေတဲ့ သွင်းအားစုစရိတ်တွေ မြင့်တက်သလို ပန်းထည့်တဲ့ ဂျပ်ဖာတွေရဲ့ ဈေးနှုန်းတွေကလည်း မြင့တက်လာနေတယ်လို့ ဆိုပါတယ်။ရှမ်းပြည်(တောင်ပိုင်း)၊ ကလောဇုန်ကနေ နိုင်ငံတစ်ဝန်းကို နေ့စဉ် ဂန္ဓမာပန်း အပါအဝင် အခြားပန်း မျိုးစိတ် ပန်းပွင့် ၅၀၀ ပါတဲ့ ပုံးပေါင်း ၂၀၀၀ ခန့် တင်ပို့ရောင်းချနေတယ်လို့ ပန်းမန်စိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့ ရောင်းချသူများအစုအဖွဲ့(ကလောဇုန်)အသင်းကနေ သိရပါတယ်။

ပန်းမန်စိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့ရောင်းချသူများအစုအဖွဲ့ (ကလောဇုန်)အသင်းက ဦးဆောင်ပြီး ရန်ကုန်မြို့က လက်ကားဈေးတွေမှာ ဆိုင်ခန်းတွေငှားရမ်းကာ ကိုယ်တိုင်ရောင်းချနိုင်ရင် ပန်းစိုက်ပျိုး တင်ပို့သူတွေ အကျိုးအမြတ်ရရှိနိုင်မှာ ဖြစ်တယ်လို့ ဟဲဟိုးစိုက်ပျိုးရေးသိပ္ပံက တာဝန်ရှိ သူတစ်ယောက် က ပြောပါတယ်။ကလောဇုန်မှာ ပန်းမန်စိုက်ပျိုးတဲ့ ကျေးရွာ(၁၁)ရွာရှိပြီး ဂန္ဓမာပန်းနဲ့ အခြားပန်းမျိုးစိတ်(၃၅)မျိုးကို တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်နေတယ်လို့ သိရပါတယ်။