ဂျပန်ကားထုတ်လုပ်ရေးကုမ္ပဏီ Nissan က ကမ္ဘာတစ်ဝန်းမှာ အလုပ်အကိုင်နေရာ ၁၁၀၀၀ ကျော် လျှော့ချမှာ ဖြစ်ပြီး စက်ရုံ ၇ ရုံကို ပိတ်ပစ်ဖို့ စီစဉ်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ Nissan ဟာ ကုမ္ပဏီရဲ့ အကြီးဆုံးဈေးကွက်နှစ်ခုဖြစ်တဲ့ တရုတ်နဲ့ အမေရိကန်တို့မှာ ဝင်ငွေရရှိမှု အကြီးအကျယ် ထိခိုက်ခဲ့တာကြောင့် အခုလို စက်ရုံတွေ ပိတ်ပစ်ဖို့ စီစဉ်တာပါ။

ပြီးခဲ့တဲ့လတွေအတွင်းက တရုတ်နိုင်ငံမှာ Nissan ရဲ့ ရောင်းအား ကျဆင်းခဲ့ပြီး အမေရိကန်ဈေးကွက်မှာလည်း ဈေးလျှော့ရောင်းချတာတွေ လုပ်ခဲ့ရတဲ့အတွက် ဝင်ငွေထိခိုက်ခဲ့ပါတယ်။ ဒီအတွက် Nissan အနေနဲ့ Honda, Mitsubishi တို့နဲ့ ပေါင်းစည်းဖို့ အဆိုပြုချက်ဟာလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ပျက်ပြယ်သွားခဲ့ပါတယ်။နောက်ဆုံး အလုပ်အကိုင်နေရာလျှော့မှုရဲ့ သုံးပုံနှစ်ပုံဟာ အရောင်းဝန်ထမ်းတွေ၊ စီမံခန့်ခွဲရေး ဝန်ထမ်းတွေ၊ သုတေသနနဲ့ ကန်ထရိုက် ဝန်ထမ်းတွေ ဖြစ်တယ်လို့ ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် အိုင်ဗန် အက်စပီနိုဆာက ပြောကြားခဲ့ပါတယ်။

Nissan ဟာ ရင်းနှီးမြှုပ်နှံမှုတွေ လျှော့ချနေပြီး ရုန်းကန်နေရတဲ့အခြေအနေကြောင့် ဂျပန်မှာ ဘက်ထရီနဲ့ လျှပ်စစ် ကားစက်ရုံ တည်ဆောက်မယ့် အစီအစဉ်ကိုလည်း ဖျက်သိမ်းလိုက်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကြေညာပါ တယ်။ ဒါ့အပြင် Nissan ဟာ နှစ်စဉ် ဒေါ်လာဘီလီယံနဲ့ချီ အရှုံးပေါ်နေပြီး လက်ရှိမှာလည်း သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ အခွန်စည်းကြပ်မှုတွေက ရုန်းကန်နေရတဲ့ ကုမ္ပဏီအပေါ် ဖိအား ပိုဖြစ်လာစေပါတယ်။အိုင်ဗန် အက်စပီနိုဆာက အမေရိကန် အကောက်ခွန်အစီအမံတွေရဲ့ မသေချာမရေရာတဲ့ သဘောသဘာဝကြောင့် လာမယ့်နှစ်အတွက် ကုမ္ပဏီရဲ့ ဝင်ငွေခန့်မှန်းချက်ကိုလည်း ထုတ်မပြောခဲ့ပါဘူး။ Nissan ဟာ တစ်ကမ္ဘာလုံးမှာ လူပေါင်း ၁၃၃,၅၀၀ ဝန်းကျင်ကို အလုပ်ခန့်ထားတာ ဖြစ်ပါတယ်။