ပြည်တွင်းကားဈေးကွက်အတွင်း ဝယ်လိုအားကျပြီး ဈေးနှုန်းချိန်ညှိကာ ရောင်းနေရတဲ့ အနေအထားမှာ ရှိနေ တယ်လို့ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမင်းမင်းမောင်က ပြောပါတယ်။ လတ်တလောမှာတော့ ပြည်တွင်းကားဈေးကွက်အတွင်း ပုံမှန်ထက် ဝယ်လိုအား လျော့နည်းနေကာ SKD ကားအချို့ ဈေးကျနေပေမဲ့ တချို့ကားအမျိုးအစားတွေကတော့ ပုံမှန်ဈေး မှာပဲ ဆက်ရှိနေတယ်လို့ ဆိုပါတယ်။

ကားအရောင်းပြခန်းတွေမှာလည်း အရောင်းအဝယ်အခြေအနေပေါ်မူတည်ပြီး ကားအချို့ကို ဈေးလျှော့ရောင်းနေ ရတာလည်း ရှိတယ်လို့ သိရပါတယ်။ပြည်တွင်း ကားဈေးကွက်အလားအလာကတော့ ငွေကြေးတည်ငြိမ်မှု၊ ကားထုတ်လုပ်တပ်ဆင်တဲ့ အရေအတွက်၊ နိုင်ငံတော်မူဝါဒနဲ့ နိုင်ငံရေးဖြစ်စဉ်တွေပေါ် မူတည်နေတယ်လို့ ဦးမင်းမင်းမောင်က သုံးသပ်ပြောကြား ပါတယ်။

ပြည်တွင်းကားဈေးကွက်ထဲမှာ အရောင်းအဝယ်ဖြစ်တဲ့ ကားဈေးတွေကတော့ ကျပ်သိန်း ၁၀၀၀ ပတ်လည် ကားတွေ၊ ကျပ်သိန်း ၁၅၀၀ နဲ့ ကျပ်သိန်း ၂၀၀၀ ကြားကားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ကျပ်သိန်း တစ်သောင်း ကျော် ဈေးရှိတဲ့ ကားအမျိုးအစားတွေကတော့ ကားပစ္စည်း လိုအပ်ချက်ရှိတဲ့အတွက် ဈေးမြင့်တက်တာရှိပြီး အရောင်းအဝယ် ပါးတယ်လို့ သိရပါတယ်။ လူစီး EV ကားဈေးကွက်ကလည်း ပုံမှန်ပေါက်ဈေးအတိုင်း ဈေးတည် ငြိမ်နေပြီး ကျပ်သိန်း ၁၅၀၀ ကနေ ၂၀၀၀ ကြား အမျိုးအစားကားတွေ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။