တရုတ်နိုင်ငံအခြေစိုက် NETA ကားထုတ်လုပ်တဲ့ကုမ္ပဏီက ငွေကြေးအခက်အခဲကြောင့် ကုမ္ပဏီအသစ် ပြန်လည် ဖွဲ့စည်းတာကို တရုတ်အစိုးရက ဦးဆောင်ကာ ဆောင်ရွက်နေတယ်လို့ NETA Auto Myanmar by GSE ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။အခု NETA ကုမ္ပဏီက ဖျက်သိမ်းတာမျိုးမဟုတ်ဘဲ ရင်းနှီးမြှုပ်နှံမှုအသစ် ထည့်ဝင်ဖို့အတွက် လက်ရှိငွေစာရင်း ရှင်းလင်းတာ၊ အကြွေးတွေကို ရှယ်ယာအဖြစ်ပြောင်းလဲပေးတာတွေကို ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ကုမ္ပဏီအသစ် ပြန်လည်ဖွဲ့စည်းမှု ပြုလုပ်နေချိန်အတွင်း After Sale Service နဲ့ Spare parts တွေကို ပုံမှန်အတိုင်း ဆက်လက် လုပ်ဆောင်ပေးနေပြီး ကုမ္ပဏီအသစ် ပြန်လည်ဖွဲ့စည်းပြီးချိန်မှာ ကားထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်း တွေကို ပုံမှန်လည်ပတ်မယ်လို့ NETA မိခင်ကုမ္ပဏီက တရားဝင် ထုတ်ပြန်ထားပါတယ်။တရုတ်နိုင်ငံမှာ ထုတ်လုပ်နေတဲ့ အမှတ်တံဆိပ်မျိုးစုံ လျှပ်စစ်ကားတွေရဲ့ဈေးနှုန်းက ၂၀၂၃ ခုနှစ်က ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် ၃၀ ရာခိုင်နှုန်းခန့် ကျဆင်းလာတာကြောင့် မြန်မာနိုင်ငံမှာလည်း သက်သာတဲ့ဈေးနှုန်းတွေနဲ့ ရောင်း ချလာနိုင်တာဖြစ်ပြီး NETA ကားကုမ္ပဏီကိစ္စကြောင့် လျှော့ဈေးတွေနဲ့ရောင်းချတာမျိုး မရှိကြောင်း NETA ကား တင်သွင်းတဲ့ကုမ္ပဏီဖြစ်တဲ့ Grand Sirius ကုမ္ပဏီက တာဝန်ရှိသူတစ်ယောက်က One News ကို ပြောပါတယ်။

လက်ရှိမှာ တရုတ်အခြေစိုက် NETA ကားကုမ္ပဏီနဲ့ပတ်သက်လို့ ပျံ့နှံ့နေတဲ့သတင်းတွေကြောင့် NETA အမှတ် တံဆိပ်ကားဝယ်ယူထားသူတချို့က ကားအပိုပစ္စည်းကိစ္စနဲ့ EV ကားတွေမှာပါရှိတဲ့ ကားကို ထိန်းချုပ်ထားတဲ့ Software ကိစ္စအပေါ် စိုးရိမ်မှုရှိကြတယ်လို့ ကားဈေးကွက်အသိုင်းအဝိုင်းက သိရပါတယ်။အဲဒီသတင်းကြောင့် EV ကားဈေးကွက်ပေါ် သက်ရောက်မှုကြီးကြီးမားမားမရှိပဲ အခုလပိုင်းတွေမှာ EV ကား အရောင်းအဝယ်ကောင်းလာတယ်လို့ မြန်မာ့မော် တော်ယာဉ်ထုတ်လုပ်ရေး နှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးမင်းမင်းမောင်က ပြောပါတယ်။မြန်မာနိုင်ငံကို တင်သွင်းထားတဲ့ NETA အပါအဝင် အမှတ်တံဆိပ်အစုံ EV ကားတွေမှာပါတဲ့ ကားကို ထိန်းချုပ် ထားတဲ့ Software တွေဟာ လောင်စာဆီသုံးကားတွေမှာပါတဲ့ Software တွေနည်းတူ Update လုပ်ဖို့ မလိုတဲ့ Stable ဖြစ်တဲ့ Software Version ကိုသာ ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။